အလကားရတဲ့ WiFi ဆိုမကြိုက်တဲ့သူမရှိပါဘူး။ ကော်ဖီဆိုင်မှာပဲဖြစ်ဖြစ်၊ ကုန်တိုက်ကြီးတွေမှာပဲဖြစ်ဖြစ်၊ လေဆိပ်မှာပဲဖြစ်ဖြစ်၊ နောက်ဆုံး ရွှေတိဂုံဘုရားပေါ်ကပဲဖြစ်ဖြစ် Free WiFi လို့မြင်တာနဲ့ ချိတ်ပြီးသုံးချင်တဲ့ သူတွေက သပ်သပ်ရှိပါတယ်။ လူတွေအများကြီးသုံးနေကြတာပဲ၊ ဘာဖြစ်နိုင်လို့လဲ။ ဘယ်လောက်ထိဆိုးနိုင်လို့လဲ။ မေးရင် အများသုံး WiFi တွေဟာ ချိတ်ဆက်ဖို့လွယ်တယ်၊ နေရာတိုင်းမှာရှိတယ် ပြီးတော့ ဒါနဲ့ပတ်သတ်ပြီးတော့လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကနေ ဖောက်သည်အသစ်ရအောင် ပရိုမိုးရှင်းဆင်းနေသလို ပုံစံမျိုးတွေဖြစ်တဲ့အတွက် အန္တရာယ်မရှိနိုင်ဘူး၊ လုံခြုံတယ်လို့ ခံစားရတာဖြစ်တယ် လို့ဖြေရပါလိမ့်မယ်။ အမှန်ကတော့ သတိမမူ၊ ဂူမမြင်ဆိုတဲ့စကားပုံလိုပါပဲ။ လွယ်ကူအဆင်ပြေခြင်းရဲ့နောက်ကွယ်မှာ လူအများစုသတိမထားမိတဲ့ အန္တရာယ်တွေရှိနေနိုင်ပါတယ်။ သင့် ဖုန်း၊ တက်ပ်ဘက်လပ် ဒါမှမဟုတ် ကွန်ပျူတာ‌တွေကို အများသုံး WiFi နဲ့ချိတ်ဆက်လိုက်တယ်ဆိုတာက သင့် ဒီဂျစ်တယ်ဘဝထဲကို ဝင်လာဖို့ ဖိတ်ခေါ်လိုက်သလိုပါပဲ။ သင့်ရဲ့ စာတို၊ ရှာဖွေကြည့်ရှု ပုံစံအမူအကျင့်၊ စကားဝှက်များအထိ အများသုံး WiFi ကနေတစ်ဆင့် မလှမ်းမကမ်းအ‌နေ ဝင်ရောက်ကြည့်ရှုနေနိုင်ပါတယ်။

အများသုံး WiFi သုံးတာကို ဥပမာပေးရရင် လူတွေအများကြီးရှိတဲ့ အခန်းထဲမှာ အတွင်းရေးကိစ္စတွေပြောနေသလိုပါပဲ။ ကိုယ့်ဟာကိုယ်ပြောနေတာ ဘယ်သူမှဂရုမစိုက်ပါဘူးလို့ မတွေးလိုက်ပါနဲ့။ တကယ့်တမ်းမှာ သေသေချာချာ နားစွင့်နားထောင်နေတဲ့သူ ရှိနေနိုင်ပါတယ်။ စကားပြောတာနဲ့မတူတဲ့ အချက်က အွန်လိုင်းပေါ်မှာက သင့်ရဲ့ လှုပ်ရှားမှုတွေကို မသိလိုက်ပဲနဲ့ ကူးယူ၊ ခြေရာခံ၊ နှင့် ခိုးယူခံရနိုင်ခြေရှိပါတယ်။ ဒါကြောင့်မို့လို့ အများသုံး WiFi တွေဟာ အိမ်မှာသုံးနေကျ ပုံစံလိုမျိုးပဲဖြစ်လို့ လုံခြုံတယ်လို့ထင်ရပေမယ့် သင်က အများသုံး WiFi တစ်ခုနဲ့ချိတ်ဆက်လိုက်တာနဲ့  တခြားသူများနဲ့အတူ ဒစ်ဂျစ်တယ်နေရာတစ်ခုကို မျှသုံးရမှာဖြစ်ပါတယ်။ အဆိုပါ‌နေရာထဲမှာပဲ သင်အပါအဝင် အခြားပုံမှန်အသုံးအပြုသူတွေ ဘာလုပ်မလဲဆိုတာကို တိတ်တဆိတ်စောင့်ကြည့်နေတဲ့သူ ရှိနေနိုင်ပါတယ်။

အပေါများဆုံး အကွက်တစ်ခုကတော့ Network Eavesdropping သို့မဟုတ် snooping လို့ခေါ်တဲ့ ခိုးနားထောင်၊ ခိုးကြည့်ခြင်းဖြစ်ပါတယ်။ သင်က ကော်ဖီဆိုင်ထဲမှာ အ‌ရေးကြီးတဲ့မှတ်စုတစ်ခုရေးနေတဲ့အချိန်မှာ သင့်ပခုံးပေါ်ကနေ ခိုးကြည့်နေတာမျိုး တွေးကြည့်ပါ။ အများသုံး WiFiမှာ snooping လုပ်နိုင်ဖို့ မသမာသူများအတွက် အလကားရနိုင်တဲ့ ကိရိယာတွေရှိပြီးသားပါ။ ဥပမာ – Wireshark, tcpdump ခေါ်တဲ့ ကိရိယာတွေက network ရဲ့အသွားအလာကို ဖမ်းယူ၊ မှတ်တမ်းတင်လို့ရပါတယ်။ Arpspoof လို့နာမည်ရတဲ့ ကိရိယာဆိုရင် အင်တာနက် router နဲ့ user ကြား ဆက်သွယ်မှုလမ်းကြောင်းထဲကို ဝင်‌ရောက်နိုင်အောင် ဖန်တီးပေးနိုင်သလို WiFi hotspot လွှင့်ထားသလိုပုံစံနဲ့ network အတုတွေဖန်တီးလို့ရတဲ့ ကိရိယာတွေလည်း သင်ကိုယ်တိုင် ဒေါင်းလုပ်ချလို့ရနိုင်တဲ့အထိ လွယ်ကူစွာရရှိနိုင်ပါတယ်။ မသမာသူတွေက ဥပမာ “Free Coffee Shop WiFi” သို့မဟုတ် “Airport_WiFi” လိုမျိုး အနီးစပ်ဆုံးနဲ့ ယုတ္တိရှိနိုင်မယ့်နာမည်တွေနဲ့ လွှင့်ထားနိုင်ပါတယ်။ မတော်တဆ ချိတ်ဆက်မိရင် သင့်ရဲ့ စကားဝှက်တွေ၊ အတွင်းရေးစာတိုတွေနဲ့ ဘဏ်နှင့်ဆိုင်ရာအသေးစိတ်တွေ အထိ သင်မသိလိုက်ပဲ စုစည်းခွင့်ရသွားနိုင်ပါတယ်။

အများသုံး WiFiတွေကို အသုံးပြုပြီး malware(မသမာ ဆော့ဖ်ဝဲများ) ဖြန့်ကျက်နိုင်ပါ‌သေးတယ်။ မသမာသူအချို့ဟာ အများသုံး WiFiများရဲ့ လုံခြုံရေးအားနည်းချက်ကို အခွင့်ကောင်းယူပြီး pop-ups(အလိုလိုပေါ်လာသော pageများ)၊ ဆော့ဖ်ဝဲ အပ်ဒိတ်အတုများ၊ သို့မဟုတ် ဖန်တီးထားသောဖိုင်များကို user တွေရဲ့စက်ပစ္စည်းတွေထဲကို ထည့်ဖို့ကြိုးစားတတ်ကြပါတယ်။ သင်နှိပ်မိသည်ဖြစ်စေ၊ ဒေါင်းလုတ်ကိုလက်ခံမိသည်ဖြစ်စေ သင့်ရဲ့စက်ပစ္စည်းတွေထဲကို spyware(စက်ပစ္စည်းထဲမှ ဒေတာခိုးယူသော ဆော့ဖ်ဝဲ)၊ သို့မဟုတ် ဗိုင်းရပ်စ် ထည့်သွင်းပြီးသားဖြစ်မှာပါ။ တကယ်လို့ အစစ်အမှန်လုပ်ငန်းတစ်ခုက WiFi လွှင့်ထားတယ်ဆိုရင်တောင် သင့်ရဲ့လုံခြုံရေးကိုအာမခံလို့မရပါဘူး။ အများသုံး WiFi အကုန်လုံးက သင့်ရဲ့ရှာဖွေမှတ်တမ်းတွေကို မှတ်တမ်းတင်လေ့ရှိပါတယ်။ အဆိုပါအချက်အလက်တွေကို ကြေညာ ဒါမှမဟုတ် အပြင်အဖွဲ့များဆီသို့ရောင်းချနိုင်တဲ့ အတွက် အင်တာနက် အလကားသုံးလို့ရဖို့အတွက် သင့်ဒေတာတွေကို အဖိုးအခအနေနဲ့ ပေးရမှာဖြစ်ပါတယ်။

အများသုံး WiFi ကနေ တိုက်ခိုက်တာက မသိသာပေမယ့် အမြဲတမ်းလိုလိုဖြစ်နေတဲ့ ကိစ္စပါ။ ဥပမာတစ်ခုပြရရင် DarkHotel ကမ်ပိန်း ဆိုတဲ့ အာရှအတွင်းမှ ဇိမ်ခံဟိုတယ်များကို လာရောက်တည်းခိုတဲ့ စီးပွားရေးသမားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လူသိများ case တစ်ခုရှိပါတယ်။ တည်းခိုတဲ့ ဧည့်သည်တွေကနေ WiFi နဲ့ချိတ်ဆက်လိုက်တာနဲ့ ပုံမှန်ဆော့ဖ်ဝဲ update လို့ထင်ရတဲ့ ဖိုင်တစ်ခုကို သွင်းလိုက်မှာဖြစ်တယ်။ ထိုဖိုင်ကနေ spyware တစ်ခုဖြစ်သွားမှာဖြစ်ပြီး ကုမ္ပဏီ e-mail၊ ဆက်သွယ်ရန်လိပ်စာနဲ့ login အသေးစိတ်တွေကို ခိုးယူပေးမှာဖြစ်ပါတယ်။ အများစုက ဟိုတယ်က WiFi ဆိုရင်ဘာမှသိပ်မတွေးပဲ သုံးတတ်လေ့ရှိတာကြောင့် အဲ့အချက်ကိုပဲ မသမာသူတွေက အသုံးချသွားတာဖြစ်ပါတယ်။ ကဖေး၊ ကော်ဖီဆိုင်တွေဆိုသည်မှာလည်း မသမာသူတွေ အကြိုက်များတဲ့ နေရာတွေပဲဖြစ်ပါတယ်။ လုံခြုံရေး လေ့လာသူများကနေ ကွန်ပျူတာတစ်လုံး နှင့် အလကားရတဲ့ software တွေကိုသာအသုံးပြုပြီး လူတွေရဲ့ facebook, gmail, သို့မဟုတ် Instergram အသုံးပြုတဲ့ကာလ အပိုင်းအခြားအတွင်းက ‌ဒေတာတွေကို ယူနိုင်ကြောင်းစမ်းသပ်ပြခဲ့တဲ့ သာဓကတွေလည်းရှိပါတယ်။ အဆိုပါစမ်းသပ်ချက်မှာဆိုရင် လေ့လာသူတွေက “Free Cafe WiFi” လို့နာမည်ပေးထားတဲ့ WiFi hotspot တစ်ခုကိုလွှင့်တင်လိုက်ပြီး မိနစ်ပိုင်းအကြာမှာပဲ ကာစတန်မာတွေ အများကြီးဝင်ရောက်ချိတ်ဆက်လာခဲ့ပါတယ်။ လေ့လာသူတွေက ကာစတန်မာတွေရဲ့  အွန်လိုင်းလှုပ်ရှားမှုတွေကို ကြည့်ခွင့်ရခဲ့ပြီး တချို့ case တွေမှာဆိုရင် အကောင့်တွေကိုပါ ဝင်ရောက်ထိန်းချုပ်နိုင်ခွင့်တွေ ရခဲ့ပါတယ်။

ဒါဆိုလို့ရှိရင် ဘယ်လိုကာကွယ်ကြမလဲ။ အရေးပေါ်သုံးဖို့လိုလာရင်ကော ဘာလုပ်သင့်လဲ။ သတင်းကောင်းတစ်ခုကတော့ အများသုံး WiFi ပေါ်မှာလုံခြုံအောင်နေဖို့အတွက် နည်းပညာ အသိပညာတွေ နက်နက်နဲနဲ နားလည်စရာမလိုပါဘူး။ အကျင့်ကောင်းတစ်ချို့ကို မွေးထားနိုင်ဖို့ပဲလိုပါတယ်။ ကာကွယ်ဖို့အကောင်းနည်းလမ်းကတော့ အသုံးမပြုခြင်းပါပဲ။ ဘာများပြောမလို့လဲလို့ တွေးမိရင် ဟုတ်ပါတယ်။ အကောင်းဆုံးနည်းလမ်းက ဘယ်နေရာဖြစ်ဖြစ် ကိုယ့်ရဲ့ မိုဘိုင်းလ် ဒေတာနဲ့ ယနေ့ခေတ်ပေါ် ကိုယ်ပိုင်အိတ်ဆောင် WiFi တွေကိုသာ အသုံးပြုခြင်းက အလုံခြုံဆုံးဖြစ်ပါတယ်။ သို့ပေမဲ့ အများသုံး WiFi ကို ခဏပဲဖြစ် ဖြစ် သုံးဖို့လိုအပ်လာတဲ့ အခြေအနေမျိုးမှာဆိုရင် သင့်ရဲ့ အရေးကြီးတဲ့ အကောင့်နဲ့အသုံးပြုခြင်းမှ ရှောင်ပါ။ ဘဏ်နှင့်ပတ်သတ်တာ၊ အွန်လိုင်းပေါ်မှဈေးဝယ်ခြင်းတို့ကို လုံးဝမလုပ်ဆောင်သင့်ပါ။ သင် ဝင်ရောက်မဲ့ ဝက်ဘ်ဆိုဒ်များ၏လိပ်စာအစမှာ https:// နှင့် သော့ပုံ သင်္ကေတလေးပါလား စစ်ဆေးပါ။ ဘာကြောင့်လဲဆိုရင် အဲ့လိုမျိုးတွေပါမှ သင်ရဲ့ ချိတ်ဆက်မှုကို ကွယ်ဝှက်ပေးထားမှာဖြစ်ပြီး မသမာသူတွေ စောင့်ကြည့်ဖို့လည်းပို ခက်ခဲသွားမှာဖြစ်ပါတယ်။

အများသုံး WiFi ကိုသုံးတဲ့အခါ သင့်ရဲ့  file sharing၊ Bluetooth၊ Airdrop အစရှိသည်တို့ကို ပိတ်ပြီးအသုံးပြုပါ။ ဒီလိုနည်းနဲ့ အများသုံး network ပေါ်မှာ သင့်စက်ပစ္စည်းကို တတ်နိုင်သမျှမမြင်နိုင်အောင်လျှော့ချနိုင်ပါတယ်။  ထပ်ဆောင်းအဆင့်အနေနဲ့ ဖြစ်နိုင်ရင် VPN ကိုအသုံးပြုပါ။ VPN ကိုအသုံးပြုခြင်းဖြင့် မလုံခြုံတဲ့ အင်တာနက်ပေါ်မှာတောင် သင့်အတွက် သီးသန့်ဝှက်စာစနစ်နဲ့ ကာကွယ်ထားတဲ့ လမ်းကြောင်းပေါ်က အသုံးပြုနိုင်မှာဖြစ်ပြီး အများသုံး WiFi ကိုအသုံးပြုပြီးလျှင် စက်တင်ထဲသွားပြီး “forget” လုပ်ပေးတဲ့ အကျင့်မွေးပါ။ ထိုမှသာ သင်မသိပဲ ချိတ်ဆက်နေမိခြင်းမှ တားဆီးနိုင်မှာဖြစ်ပါတယ်။

အများသုံး WiFi တွေက အဆင်ပြေတယ်၊ ဘာမှမဖြစ်လောက်ပါဘူးလို့ထင်ရပေမယ့် ဒီစာကိုဖတ်ပြီးတဲ့အခါ ဘယ်လိုအန္တရာယ်တွေပါ ပါလာသလဲဆိုတာကို မြင်တွေ့နိုင်ပြီလို့ ယူဆပါတယ်။ မသမာသူများမှ hotspot အတုများနှင့် ဖမ်းခြင်းကစလို့ ကုမ္ပဏီများမှ ဒေတာများရိတ်သိမ်းခြင်းများအထိ သင်မသိလိုက်ပဲနှင့် သင့်လုံခြုံရေးကို ချိုးဖောက်နိုင်ဖို့ နည်းလမ်းအမြောက်အမြားရှိပါတယ်။ ဒီဆောင်းပါးကို ရေးရခြင်းရဲ့ ရည်ရွယ်ချက်ကလည်း အများသုံး WiFi မသုံးရဲတော့လောက်အောင် ခြောက်လှန့်တာမျိုးမဟုတ်ပဲ လိုအပ်လာလျှင်လည်း မည်သို့လုံခြုံစွာ အသုံးပြုနိုင်ကြောင်းကို အသိပေးပြောပြချင်လို့ပဲဖြစ်ပါတယ်။ အများသုံး WiFi ကိုလူတွေအများကြီးရှိတဲ့ လမ်းမကြီးတစ်ခုလို့ မြင်ကြည့်ပါ။ သင်ပစ္စည်းတွေ မပျောက်ဆုံးအောင် သတိလေးထားပြီးသွားလာသလိုမျိုး အများသုံး WiFi ကိုအသုံးပြုတဲ့အခါမှာလည်း ကိုယ့်ရဲ့ တကိုယ်ရည် အရေးကြီး‌ဒေတာတွေ ပါမသွားနိုင်အောင် သတိထားအသုံးပြုနိုင်လျှင်ပဲ လုံလောက်ပါပြီ။ အဘယ်ကြောင့်ဆိုသော် သင့်ရဲ့မည်သည့်ဒေတာမဆို တန်ဖိုးရှိသည်ဖြစ်သောကြောင့် ကာကွယ်နိုင်ဖို့ အနည်းငယ်ပိုပြီးအားထုတ်ဖို့ လိုအပ်ပါကြောင်းပြောရင်းနဲ့ ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Public Wifi

Leave a Reply

Your email address will not be published. Required fields are marked *

Scroll to top