“Modern problem needs modern solution.” ဘာသာပြန်လိုက်ရင် “ခေတ်ပေါ်ပြဿနာအတွက် ခေတ်ပေါ်အဖြေလိုအပ်ပါတယ်။” လို့အဓိပ္ပာယ်ရပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က အိမ်မွေးတိရစ္ဆာန်လေး တွေ‌ပျောက်တဲ့အခါမှာ ဓာတ်တိုင်တွေမှာ ကြေညာတွေလိုက်ကပ်ခဲ့ရပေမယ့် ဒီဖက်ခေတ်မှာတော့ စာစီပြီး အွန်လိုင်းပေါ်တင်လိုက်ရုံနဲ့တင် မြို့မတူတဲ့နေရာက လူတွေပါမြင်ရတဲ့ အနေအထားထိကို‌ရောက်လာပြီဖြစ်တယ်။ ကမ္ဘာကြီးပေါ်မှာ ဘယ်နေရာမဆိုဖြစ်ပျက်နေတာကို စက္ကန့်နဲ့အမျှသိနိုင်တဲ့ ဒီဖက်ခေတ်ကြီးမှာ နိုင်ငံရေးနဲ့ နည်းပညာကြားက ပြောစမှတ်တွင်လောက်တဲ့ အဖြစ်အပျက်တစ်ခုကို ပြီးခဲ့တဲ့ စက်တင်ဘာလထဲ နီပေါနိုင်ငံမှာ မြင်တွေ့လိုက်ရပါတယ်။ 

နီပေါနိုင်ငံမှာ စက်တင်ဘာလ ၈ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ခန့်မှန်းခြေ ၅-၆ ရက်လောက် Gen Z ဆိုတဲ့နာမည်နဲ့ နိုင်ငံအနှံ့မှာဆန္ဒပြမှုတွေဖြစ်ပွားခဲ့တယ်။ ၁၉ ယောက်သေဆုံးပြီး၊ အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့တယ်။ ပါလီမန် မီးမြှိုက်ခံခဲ့ရပြီး ခေါင်းဆောင်ပိုင်းကလူတွေကို ရဟတ်ယာဉ်တွေခေါ်ထုတ်ခဲ့ရတဲ့ အထိပြင်းထန်ခဲ့တယ်။ ဘာဖြစ်လို့ အဲ့လောက်ထိပြင်းပြင်းထန်ထန် ဖြစ်သွားရတာလဲဆိုတဲ့ ပုံရပ်တစ်ခုလုံးကို နားလည်နိုင်ဖို့ ဒီပိုင်းအစတွေကို အရင်သိဖို့လိုပါတယ်။

Social Media Ban

၂၀၂၅ စစ်တမ်းအရ နီပေါနိုင်ငံအတွင်းမှာ active ဖြစ်နေတဲ့ လူမှုကွန်ယက်အကောင့်ပေါင်း ၁၄.၃ မီလီယံ အထိရှိတယ်လို့ဆိုပါတယ်။ အကောင့်တစ်ခုကို တစ်ယောက်နှုန်းယူဆပြီး ကြည့်မယ်ဆိုရင် တစ်နိုင်ငံလုံးလူဦးရေရဲ့ တစ်ဝက်နီးပါးရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလိုပဲ သတင်းအချက်အလက်စီးဆင်းဖို့၊ အဆက်အသွယ်ရဖို့၊ လှုပ်ရှားမှုတွေလုပ်ဆောင်ဖို့၊ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ဖျော်ဖြေမှုတွေအတွက် ဆိုရှယ်မီဒီယာတွေကိုပဲ သူတို့လည်းအဓိကထား အသုံးပြုကြရပါတယ်။ 

၂၀၂၄၊ စက်တင်ဘာလ ၂၉ ရက်နေ့မှာ နီပေါနိုင်ငံအစိုးရရဲ့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနဆီကို နိုင်ငံအတွင်းမှာရှိတဲ့ ဆိုရှယ်မီဒီယာပလပ်ဖောင်းအားလုံးကို စာရင်းသွင်းပေးဖို့ တရားဝင်တောင်းဆိုခဲ့တယ်။ တောင်းဆိုရတဲ့ရည်ရွယ်ချက်က အာဏာပိုင်တွေကနေ သတင်းအချက်အလက်တွေကို စောင့်ကြည့်နိုင်ဖို့နဲ့ သူတို့မလိုချင်တဲ့ content တွေကို ထိန်းချုပ်နိုင်ဖို့ အတွက်ဖြစ်တယ်လို့ အာဏာပိုင်တွေကိုယ်တိုင် ပြောခဲ့တယ်။ အစိုးရက စာရင်းပေးသွင်းဖို့ ၂၀၂၅ သြဂုတ်လ၊ ၂၈ ရက်နေ့မှာနောက်ဆုံးအနေနဲ့ အချိန်တစ်ပတ်ပေးခဲ့တယ်။ Tiktok, Viber နဲ့တချို့ပလက်ဖောင်းတွေက စာရင်းပေးသွင်းခဲ့ပေမဲ့ Facebook, Youtube, Instagram, X, Linkedin လိုပလပ်ဖောင်းတွေက တုံ့ပြန်မှုမရှိတဲ့အတွက် ၂၀၂၅၊ စက်တင်ဘာလ၊ ၄ ရက်နေ့မှာ သူတို့အပါအဝင် ပလပ်ဖောင်း ၂၆ ခုကို ban လိုက်ပါတယ်။

The Trend

ဆိုရှယ်မီဒီယာ ban တာတွေ၊ ဆန္ဒပြမှုတွေမဖြစ်ခင်မှာကတည်းက နီပေါလူငယ်တွေရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ #NepoBaby, #NepoKids ဆိုတဲ့ trend တစ်ခုရှိနေခဲ့ပါတယ်။ Nepo ဆိုတဲ့ စကားလုံးက Nepotism (ဆွေမျိုးကောင်းစားရေးဝါဒ) ကနေဆင်းသက်လာတာဖြစ်တယ်။ ၂၀၂၅ နှစ်အလယ်ပိုင်းလောက်စပြီး နီပေါလူငယ်တွေကြားထဲမှာ နိုင်ငံရေးသမားတွေရဲ့ သားသမီးတွေရဲ့ ဇိမ်ခံလူနေထိုင်မှုအဆင့်အတန်း၊ နိုင်ငံခြားက ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ အသုံးအဆောင်၊ ပညာရေး စတာတွေပါတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ သာမန်လူတန်းစားတွေရဲ့နေ့စဉ်ဘဝပုံတွေကိုယှဉ်ပြီး နိုင်ငံရဲ့ အကျင့်ပျက်ခြစားမှု၊ အလုပ်အကိုင်ရှားပါးမှု၊ တန်းတူညီမျှမှုမရှိတာတွေကို  မီးမောင်းထိုးပြဖို့ မျှဝေတာမျိုးလုပ်ခဲ့ကြတယ်။ 

ဒီလှုပ်ရှားမှုကို မီဒီယာတစ်ချို့က ဖြစ်ပွားခဲ့တဲ့အချိန်၊ အစိုးကလည်း သူတို့ကိုယ်တိုင် “မလိုလားအပ်တဲ့ content”တွေကို ထိန်းချုပ်နိုင်ဖို့ ဆိုရှယ်မီဒီယာပလပ်ဖောင်းတွေကို အတင်းအကျပ် စာရင်းသွင်းခိုင်းတဲ့အချိန် အရ ဒါကအင်တာနက်ပေါ်မှာ ဆင်ဆာဖြတ်နိုင်ဖို့ တစ်နည်းအားဖြင့် free speech ကိုထိန်းချုပ်ဖို့အတွက် ကြိုးစားတာလို့ သုံးသပ်ကြတယ်။ သို့ပေမယ့် သေချာတာတစ်ခုက ဒီ trend ကြောင့်ဆန္ဒပြမှုတွေဖြစ်လာတာ မဟုတ်ခဲ့ပေမယ့် ဖြစ်လာဖို့အတွက် ဦးတည်ပေးခဲ့တဲ့ အကြောင်းအရင်းတစ်ခုဖြစ်ခဲ့ပါတယ်။

Discord

ဒီအပိုင်းကတော့ Discord အကြောင်းကိုမသိတဲ့သူတွေအတွက်ပါ။ Discord ဆိုတာက အထူးသဖြင့် ဂိမ်းသမားတွေကြားထဲမှာ လူသိများတဲ့ ဆက်သွယ်ရေးပလပ်ဖောင်းတစ်ခုပါ။ Free သုံးလို့ရတယ်။ စာ၊ အသံ၊ ဗီဒီယို call၊ streaming အထိအကုန်ရသလို၊ community (သက်ဆိုင်ရာအဖွဲ့)တွေကိုလည်း စိတ်ကြိုက်ဖွဲ့လို့ရတယ်၊ join လို့ရတယ်။ အခုနောက်ပိုင်းမှာ ဂိမ်းလောကအပြင်၊ သင်ကြားရေး၊ တက်ကြွလှုပ်ရှားရေးတွေနဲ့ နိုင်ငံရေးအထိပါ အသုံးပြုလာကြပါတယ်။ မျက်လုံးထဲမြင်အောင်ပြောရင် သူက zoom နဲ့ဆင်တယ်။ သို့ပေမယ့် Zoom လို ကန့်သတ်ချက်တွေနဲ့ စီးပွားရေးဘက်ခြမ်းမဟုတ်ပဲနဲ့ လွတ်လွတ်လပ်လပ် community အတွက် ဒီဇိုင်းဆွဲထားတဲ့ ပလပ်ဖောင်းတစ်ခုဖြစ်ပါတယ်။

၂၀၂၅၊ စက်တင်ဘာလ၊ ၄ရက်နေ့ မှာ နီပေါအစိုးရကနေ လူသိများတဲ့ ဆိုရှယ်မီဒီယာပလပ်ဖောင်း ၂၆ ခုကို ban လိုက်ပြီးနောက်ပိုင်းမှာ အရှိန်ရနေပြီဖြစ်တဲ့ နိုင်ငံ့ထိပ်သီးများရဲ့ အထူးခံစားခွင့်ကို ဖော်ထုတ်နေတဲ့ #Nepobaby trend က ခဏလေးအတွင်းမှာပဲ အဆုံးသတ်သွားခဲ့ရတယ်။ အဲ့အခြေအနေက အထူးသဖြင့်လူငယ်တွေကြားမှာ သည်းခံခြင်းရဲ့ နောက်ဆုံးမှတ်တိုင်ဖြစ်လာခဲ့ပြီး စက်တင်ဘာလ ၉ ရက်နေ့မှာ လူငယ်‌တွေလမ်းပေါ်ထွက်လာခဲ့ကြပါတယ်။ နောက်ရက်မှာပဲ ဝန်ကြီးချုပ် K.P. Sharma Oli နှုတ်ထွက်သွားခဲ့တယ်။ ဝရုန်းသုန်းကားဖြစ်နေတဲ့ ပါလီမန်နဲ့ နိုင်ငံ‌ရေးပါတီတွေကို အယုံအကြည်မရှိကြတော့တဲ့ လူငယ်တွေက လစ်ဟာသွားတဲ့ ဝန်ကြီးချုပ်အသစ်‌ရွေးကောက်ဖို့အတွက် နည်းလမ်းအသစ်ကိုရှာခဲ့ကြပါတယ်။

နည်းလမ်းရှာနေကြတဲ့ လူငယ်တတ်ကြွလှုပ်ရှားသူတွေက “Hami Nepal (We Nepal)” လို အွန်လိုင်းအဖွဲ့အစည်းတွေကတစ်ဆင့် လူငယ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Discord ပေါ်မှာ ဆွေးနွေးဖို့၊ အချက်အလက်စစ်ဆေးဖို့နဲ့ ဆန္ဒ vote ပေးဖို့ channel တွေနဲ့အတူ ဒစ်ဂျစ်တယ်ပါလီမန် တစ်ခုလုပ်ကြဖို့ ဆုံးဖြတ်ခဲ့တယ်။ နိုင်ငံအတွင်းနဲ့ ပြင်ပရောက်လူငယ်တွေပါ အလွယ်တကူပါဝင်နိုင်ခဲ့သလို ယှဉ်ပြိုင်ရွေးကောက်ခံ ဝန်ကြီးချုပ်လောင်းတွေလည်း ပါဝင်ခဲ့တယ်။ လူငယ်တွေက အကျင့်ပျက်ခြစားမှုကင်း၊ အချုပ်အနှောင်ကင်းတယ်လို့ ယူဆနိုင်တဲ့ တရားသူကြီးချုပ်ဟောင်း Sushila Karki ကို Discord ပေါ်မှာပဲ ဆန္ဒမဲခံယူပြီးရွေးချယ်ခဲ့ပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့မှာ Discord မှရွေးချယ်တင်မြောက်ထားတဲ့ ဝန်ကြီးချုပ်လောင်းကို နိုင်ငံတပ်မတော်နဲ့ သမ္မတရဲ့ အတည်ပြုချက်နဲ့အတူ ကြားဖြတ်ဝန်ကြီးချုပ်အနေနဲ့ အောင်အောင်မြင်မြင်တင်မြှောက်နိုင်ခဲ့တယ်။ 

နိုင်ငံခေါင်းဆောင်တစ်ယောက်ကို Discord လိုအများသုံးပလပ်ဖောင်းကို အသုံးပြုပြီးရွေးချယ်ဖို့ ချခဲ့တဲ့ ဆုံးဖြတ်ချက်က ထူးလည်းထူးခြားသလို သမိုင်းဝင်ဖြစ်ရပ်တစ်ခုလည်း ဖြစ်စေခဲ့ပါတယ်။ ထောင်ပေါင်းများစွာသော နီပေါလူငယ်တွေကနေ ယှဉ်ပြိုင်၊ ရွေးချယ်တင်မြှောက်ခဲ့တဲ့ ဝန်ကြီးချုပ်ဟာဆိုရင်လည်း ကမ္ဘာပေါ်မှာ ပထမဆုံး ဒစ်ဂျစ်တယ်ကွန်မြူနတီ တစ်ခုတည်းမှ အစအဆုံးရွေးချယ်တင်မြှောက်ခဲ့တဲ့ ဝန်ကြီးချုပ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ခေတ်သစ်ပြဿနာဖြစ်တဲ့ အင်တာနက်အပေါ် ထိန်းချုပ်ခြင်း၊ ဆင်ဆာဖြတ်ခြင်းတွေကို ခေတ်ပေါ်နည်းပညာနဲ့ ဖြေရှင်းနိုင်ခဲ့တဲ့ နီပေါလူငယ်တွေကို အားလည်းကျသလို၊ လေးစားပါကြောင်းပြောရင်းနဲ့ ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။

ကမ္ဘာမှာ ပထမဆုံး

Leave a Reply

Your email address will not be published. Required fields are marked *

Scroll to top