၂၀၀၀ ခုနှစ်ဝန်းကျင်လောက်တုန်းက ကျွန်တော်တို့လူငယ်တွေကြားထဲမှာ ပေါ်ပြူလာဖြစ်ခဲ့တဲ့ အက်ပလီကေးရှင်းတစ်ခုရှိခဲ့ပါတယ်။ သူ့နာမည်က Gtalk ပါ။ တော်တော်များများ အထူးသဖြင့် အဲ့ခေတ်တုန်းက လူငယ်၊ မြီးကောင်ပေါက်စ အရွယ်တွေဆို ပိုပြီးမှတ်မိပါလိမ့်မယ်။ ရုပ်မမြင်၊ အသံမကြားရအဆင့်ကနေ အသံကြားရတော့ မိုက်မယ်ထင်ပြီး သွားတွေ့ခါမှ ပုံဆိုးပန်းဆိုးကြီးဖြစ်နေလို့ မသိချင်ယောင်ပြေးခဲ့ကြတဲ့ အဖြစ်အပျက်တွေက အခုပြန်ပြောရရင် ဟာသတစ်ခုအနေနဲ့ရှိနေဆဲပါ။ အဲ့လိုအခြေအနေကနေ အများကြီးပြောင်းလဲလာလိုက်တာ အခုဆိုရင် Dating အတွက်သီးသန့် အက်ပလီကေးရှင်းတွေက မှိုလိုပေါက်နေတာ ဒီနေ့ခေတ်အထိပါ။
Dating အက်ပ်တွေ ဘယ်လိုအလုပ်လုပ်တာလဲဆိုတာကို မသိတဲ့သူတွေအတွက် အရင်ပြောပြပါမယ်။ ဥပမာ ပေါ်ပြူလာအဖြစ်ဆုံး Tinder (တင်ဒါ) ဆိုရင် ကိုယ်ပိုင်အကောင့်တစ်ခု ဖွင့်ပြီး ပုံတွေနဲ့ ကိုယ်ရေးကိုယ်တာတွေတင်ပြီး ဝင်အရွေးခံရပါတယ်။ သူလည်းရွေး၊ ကိုယ်လဲရွေးရင်းမှ အပြန်အလှန်ရွေးမိတဲ့သူအချင်းချင်း စကားပြောလို့ရတာကနေ စပါတယ်။ တကယ်လို့ ရွေးတာမဟုတ်ပဲ အရွေးခံရတဲ့ အက်ပ်တွေရှိတယ်ဆိုတာကော စာဖတ်သူတို့သိပါသလား? ကိုယ်တိုင်တင်တာ မဟုတ်ပဲနဲ့ ကိုယ်ပုံကို တခြားသူတစ်ယောက်ကတင်ပြီး နောက်ကွယ်မှာ ဝိုင်းပြီးအတင်းပြောလို့ရတဲ့ အက်ပ်တစ်ခုရှိခဲ့ပါတယ်။ သူ့နာမည်က “TEA” လို့ခေါ်ပါတယ်။ အရင်ဆုံး အက်ပ်ရဲ့အကြောင်းကို ပြောပြပေးပါမယ်။
သူ့ရဲ့နာမည်အပြည့်အစုံအရ TEA for Women လို့ခေါ်ပါတယ်။ US အတွင်းမှာပဲသုံးလို့ရတဲ့ အက်ပ်တစ်ခုဖြစ်ပြီး သူ့ရဲ့ရည်ရွယ်ချက်က အမျိုးသမီးတွေအတွက် လုံခြုံတဲ့ Dating ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးဖို့လို့ဆိုပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်က အက်ပ်ရဲ့ လုပ်ဆောင်ချက်အပေါ်မှာ ပေါ်ပါတယ်။ အက်ပ်ထဲမှာ အမျိုးသားတစ်ယောက်ရဲ့ ပုံကိုတင်ပြီး သူ့ရဲ့နောက်ခံ background ကအစအကုန်မေးလို့ရပါတယ်။ ဒီလူက နောက်ကြောင်းရှင်းလား? စာရိတ္တကောင်းလား? ပြစ်မှုကျူးလွန်ထားတဲ့ နောက်ခံရှိလား အစရှိဖြင့် အသေးစိတ်ကျကျ မေးမြန်းလို့ရပါတယ်။ သိတဲ့သူတွေက ဝင်ဖြေပေးမှာဖြစ်ပြီး တွဲသင့်တယ်၊ မတွဲသင့်ဘူး အကြံပေးကြမှာဖြစ်တယ်။ အရှင်းဆုံးပြောရရင်တော့ အမျိုးသမီးသီးသန့် အတင်းတုတ်လို့ရတဲ့နေရာပေါ့။ တကယ်အလုပ်ဖြစ်ခဲ့မယ်ဆိုရင် ကောင်းတဲ့ အိုင်ဒီယာတစ်ခု လို့တောင်ပြောလို့ရပါတယ်။ တခြား Dating အက်ပ်တွေမှာတော့ တင်သလောက်ပဲတွေ့နိုင်ပေမဲ့ ဒီမှာတော့ နောက်ကြောင်းပါစုံစမ်းလို့ရပါတယ်။
TEA အက်ပ်ကို ၂၀၂၃ မှာ စတင် publish လုပ်ခဲ့ပြီး ၂၀၂၄-၂၀၂၅ မှာ ဆိုရှယ်မီဒီယာပေါ်မှာ ပြောဆိုကြတဲ့သူတွေကြောင့်ပဲ နာမည်ရလာခဲ့ပါတယ်။ အမျိုးသမီးသီးသန့်ဖြစ်တဲ့အတွက် အမျိုးသမီးဖြစ်ကြောင်း အတည်ပြုဖို့အတွက် အက်ပ်ရဲ့ အစောပိုင်းကာလတွေမှာ မှတ်ပုံတင်နဲ့ selfie ကိုအားထားခဲ့တယ်။ ပထမနှစ်အကျော်မှာ အတည်ပြုဖို့ မှတ်ပုံတင်မလိုတော့ပေမဲ့ user အဟောင်းတွေရဲ့ ဒေတာတွေကိုတော့ မဖျတ်ဆီးပဲသိမ်းထားခဲ့တယ်လို့ဖတ်ရပါတယ်။ အဲ့လိုသိမ်းထားခဲ့တာကပဲ အက်ပ်ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်လာမယ်လို့ တွေးထားခဲ့ပုံမရပါဘူး။ ၂၀၂၄ အစောပိုင်းမှာ ဆိုရှယ်မီဒီယာရဲ့အားကြောင့် အက်ပ်ရဲ့ အမြင့်ဆုံးအချိန်ကိုရောက်လာခဲ့တယ်။ အက်ပ်ရဲ့တရားဝင်ပြောကြားချက်အရ အမျိုးသမီးအသုံးပြုသူ ၄ မီလီယန်အထိရှိလာခဲ့ပြီ အတည်ပြုဖို့စောင့်နေတဲ့ လူပေါင်း ၉ သိန်းကျော်ထိရှိခဲ့ပါတယ်။ အမေရိကန် App store မှာလဲ Chat GPT ကိုပါကျော်ပြီး နံပါတ် (၁) နေရာထိကိုရောက်လာတဲ့ အထိလျှမ်းလျှမ်းတောက်ခဲ့ပါတယ်။
နာမည်ရလာတဲ့အခါမှာတာဝန်လည်းကြီးလာပါတယ်။ အတည်ပြုဖို့အတွက် အရေးကြီး ဒေတာတွေကို တောင်းဆိုခဲ့ပေမဲ့ ရလာတဲ့ဒေတာ အမြောက်အမြားကိုတော့ ထိန်းသိမ်းနိုင်ဖို့ ကောင်းကောင်းမွန်မွန် ပြင်ဆင်ခဲ့ပုံမရပါ။ များသောအားဖြင့် အက်ပ်တွေမှာ အတည်ပြုပြီး ဒေတာတွေကိုဖျက်ဆီးကြပေမဲ့ TEA အက်ပ်ကတော့ လုံခြုံမှုမရှိတဲ့တစ်နေရာကို ရွေ့ပြောင်းခဲ့ပါတယ်။ တမင်ရွှေ့ပြောင်းခဲ့တာမဟုတ်ပေမယ့် ကျွမ်းကျင်သူတွေရဲ့ ပြောဆိုချက်အရ လင့်တစ်ခုကိုသာနှိပ်ဝင်ဖို့လိုခဲ့တဲ့ အတွက် တာဝန်ရှိသူတွေပေါ့လျော့ခဲ့တယ်ဆိုတာ ငြင်းလို့မရပါဘူး။ နာမည်ရပြီးမကြာခင်မှာပဲ ဒေတာတွေ ပေါက်ကြားခဲ့ရပါတယ်။ ပုံပေါင်း ၇၂,၀၀၀ ကျော်ပေါက်ကြားခဲ့ပြီး ၁၃,၀၀၀ ကျော်က မှတ်ပုံတင်နဲ့ selfie တွေဖြစ်နေခဲ့ပါတယ်။ ဒုတိယတစ်ကြိမ် ပေါက်ကြားမှုမှာဆိုရင် တိုက်ရိုက် message ပေါင်း ၁.၁ မီလီယန်ထိပါလာခဲ့ပြီး message ထဲမှာပြောဆိုသမျှအကုန်ပေါက်ကြားလာခဲ့တာဖြစ်ပါတယ်။
ပေါက်ကြားလာတဲ့ selfies နဲ့ မှတ်ပုံတင်တွေဟာ 4chan လို အများဆိုင်ရာဖိုရမ်တွေမှာ ပျံ့နှံ့လာခဲ့ပြီး မျက်နှာပုံတွေနဲ့ rating ပေးလို့ရတဲ့ ဝက်ဘ်ဆိုဒ်တွေပါပေါ်လာခဲ့တယ်။ မှတ်ပုံတင်ပုံတွေပါ ပါတဲ့အတွက် နာမည်အရင်း၊ နေရပ်လိပ်စာအတိအကျ နဲ့ dox (အင်တာနက်ပေါ်မှာ အလိုမတူပဲ အတွင်းအချက်အလက်တွေ ဖြန့်ခံရခြင်း) ခြင်း ဥပမာ- နေထိုင်ရာ နေရာအတိအကျကို မြေပုံပေါ်မှာမှတ်သားပြီး အင်တာနက်ပေါ်တွင် မျှဝေခြင်း လို အန္တရာယ်ရှိတဲ့ ပုံစံလုပ်ဆောင်ချက်တွေပါကြုံခဲ့ကြရပါတယ်။ အက်ပ်ရဲ့ ရည်ရွယ်ချက်က လျှို့ဝှက်သောနည်းအားဖြင့် မှန်ကန်တယ်လို့ထင်ရပေမဲ့ ကာယကံရှင်ရဲ့ ခွင့်ပြုချက်မပါပဲ နောက်ကွယ်မှာ အတွင်းရေးတွေပြောလို့ရတယ်ဆိုတာ မကျေနပ်ချင်စရာကောင်းတဲ့ ကိစ္စတစ်ခုဖြစ်တဲ့အတွက် ဒေတာပေါက်ကြားခံရတဲ့ အမျိုးသမီးတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပြက်ရယ်ပြုခံရခြင်း၊ အရှက်တကွဲ အကျိုးနည်းဖြစ်ရခြင်း၊ မကြားဝံ့မနာသာ စကားတွေနဲ့ပြောဆိုခံရခြင်း တွေကိုလည်း ခံစားခဲ့ကြရပါတယ်။ ပိုဆိုးတာက တိုက်ရိုက် message တွေထဲမှာ အိမ်ထောင်ရေး၊ ဆက်ဆံရေးပြဿနာ၊ အိမ်တွင်းအကြမ်းဖက်မှု၊ ကိုယ်ဝန်ဖျတ်ချခြင်း အစရှိတဲ့ တကယ့်အတွင်းကျကျအကြောင်းတွေထိပါလာတဲ့အတွက် တိုက်ခိုက်ခံရခြင်း၊ ရှုံ့ချခံရခြင်း၊ တရားစွဲခံရခြင်း၊ အိမ်ထောင်များပြိုလဲပျက်ဆီးခြင်းတွေပါကြုံရတဲ့အထိ သက်ရောက်မှုတွေရှိလာပါတယ်။
တရားဥပဒေတွေက နောက်ကလိုက်လာပေမဲ့ ကိုယ်ရဲ့မျက်နှာနဲ့ မှတ်ပုံတင်က မြို့လည်ခေါင်မှာ ဆိုင်းဘုတ်ကြီးနဲ့ အထောင်ခံထားရရင် အလာကောင်းရင်တောင် အခါနှောင်းသွားပြီလို့ ပြောနိုင်ပါတယ်။ အမျိုးသမီးတွေ လုံခြုံဖို့ ဖန်တီးထားတဲ့နေရာကနေ အန္တရာယ်အရှိဆုံးနေရာတစ်ခုဖြစ်လာဖို့အတွက် ဝင်ရောက်ရှာဖွေမဲ့သူတစ်ယောက်ပဲလိုခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို ကြည့်ခြင်းဖြင့် ကိုယ်ရဲ့ အထူးသဖြင့် မှတ်ပုံတင်၊ မျက်နှာရုပ်ပုံ၊ ဘဏ်ကဒ် တို့လိုအတွင်းရေးကျတဲ့ ဒေတာတွေက ဘယ်လောက်အတိုင်းအတာထိ သတိထားကာကွယ်ဖို့လိုသလဲဆိုတာ မြင်နိုင်ပါတယ်။ အဲ့လိုပြောလို့လည်း ၂၁ ရာစုမှာ ဒေတာတွေနဲ့ကင်းလို့မရပါဘူး။ ဒေတာဆိုတာ ကိုယ်ပေးမှမဟုတ်ပဲ အင်တာနက်ပေါ်မှာ တစ်ခုခုနဲ့ဆက်သွယ်ပြောဆိုလိုက်တာနဲ့ ဒေတာဆိုတာဖြစ်လာပြီးသားဖြစ်လို့ပါ။ သို့ပေမဲ့ မှတ်ပုံတင်၊ ဘဏ်ကဒ် လိုအတွင်းကျတဲ့ ဒေတာတွေကိုတော့ အပြည့်အဝကာကွယ်နိုင်ပါတယ်။ ဘယ်လောက်ပဲ လုံခြုံတယ်လိုဆိုပါစေ ကိုယ်ရဲ့ အတွင်းကျတဲ့ ဒေတာတွေကိုလက်ကမ်းရတော့မယ်ဆိုတဲ့ အခါအရင်စစ်ဆေးပါ။ တစ်ဆင့်ခံမဟုတ်ပဲ ဖြစ်နိုင်ရင် တိုက်ရိုက်လုပ်ဆောင်ပါ။ တကယ်တမ်းဖြစ်လာတဲ့အခါမှာဥပဒေအရ ကာကွယ်လို့ရပေမဲ့ အင်တာနက်ပေါ်ရောက်သွားရင် တောမီးပြန့်တာထက် မြန်တာမို့လို့ သတိကပ်ဖို့အရေးကြီးကြောင်း ပြောရင်းနဲ့ အဆုံးသတ်လိုက်ပါတယ်။
