United Kingdom ၏ အွန်လိုင်းဘေးကင်းရေးဉပဒေ
Harrow မြို့နယ်၊ Landon မြို့မှာ အသက် ၁၄နှစ်အရွယ် Molly Russell လို့ခေါ်တဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်နေပါတယ်။ သူကစာလည်းတော်တယ်၊ ရယ်ရယ်မောမော ပြုံးပြုံးရွင်ရွင်နဲ့မို့ မိဘ၊ဆရာတွေပါချစ်ရသူ တစ်ယောက်ပေါ့။ သို့ပေမဲ့ ဆယ်ကျော်သက်တွေရဲ့ ထုံးစံအတိုင်း ဆိုရှယ်မီဒီယာတွေနဲ့တော့ ကင်းလွတ်တဲ့ ကလေးတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။ အပြင်ပန်းမှာတော့ သာမန်ကလေးတစ်ယောက်လို နေထိုင်ပြောဆိုခဲ့ပေမဲ့ သူ့အခန်းလေးရဲ့ တံခါးနောက်ကွယ်မှာတော့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ ပုံစံကိုပိုင်ဆိုင်ထားတဲ့ ကလေးတစ်ယောက် ဖြစ်နေခဲ့ပါတယ်။ ၂၀၁၇ နိုဝင်ဘာလ ၂၀ ရက်နေ့ရဲ့ ညနေခင်းတစ်ခုမှာ ကောင်မလေးက ထုံးစံအတိုင်း မိသားစုနဲ့ အတူ TV ကြည့်၊ ညနေစာစားခဲ့ကြပေမဲ့ နောက်နေ့မနက်မှာတော့ သူ့ရဲ့အခန်းလေးထဲမှာ အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ကိုပဲ သူ့မိဘတွေ စိတ်မကောင်းစွာနဲ့ပဲ တွေ့ရှိခဲ့ရပါတယ်။
ဒီလောက် ရွှင်ရွှင်ပျပျ ရှိတဲ့ကလေးတစ်ယောက်က ဘယ်လိုမျိုးအတွက်ကြောင့် ဒီလိုပုံစံနဲ့ လောကကြီးကို နှုတ်ဆက်သွားရတာပါလဲ။ အကြီးတန်းစစ်ဆေးသူ Andrew Walker ပြောဆိုချက်အရဆိုရင် Molly လေးဟာ ၁၆,၃၀၀ မျှရှိသော Instagram content များထဲမှ မိမိကိုယ်ကိုနာကျင်စေခြင်း၊ စိတ်ဓာတ်ကျခြင်း နဲ့ အဆုံးစီရင်ခြင်းနဲ့ဆိုင်တဲ့ post ပေါင်း ၂၁,၀၀ ကို မသေဆုံးခင် (၆) လကျော်ကြာကာလအထိ ကြည့်ရှုနေခဲ့ပါတယ်။ အဆိုပါ content တွေကိုကြည့်ရှု စစ်ဆေးခဲ့သူ Andrew Walker ကိုယ်တိုင် ညပေါင်းများစွာ အိပ်ရေးပျက်စေခဲ့တဲ့အထိ စိတ်ပိုင်းဆိုင်ရာအပေါ်သက်ရောက်မှုရှိတဲ့ content တွေက Molly လေးကို သူနှုတ်ဆက်ခဲ့တဲ့ နောက်ဆုံးနေ့ပါမကျန် ဝါးမြိုသွားခဲ့ပါတယ်။
Molly Russell ရဲ့ ဖြစ်ရပ်ဟာဆိုရင် Andrew Walker အတွက် နှိုးဆော်ချက်တစ်ခုဖြစ်လာခဲ့ပြီး (၁) အရွယ်မရောက်သေးသူများနှင့် အရွယ်ရောက်ပြီးသူများကြားမှာ ကွဲပြားတဲ့ platform မရှိခြင်း၊ (၂) အွန်လိုင်း platform များပေါ်တွင် အသက်အတည်ပြုရန်အတွက် စနစ်မရှိခြင်း၊ (၃) content များသည် အသက်အရွယ်အပိုင်းအခြား အရကွဲပြားမှုမရှိခြင်း၊ (၄) အဆိုပါ content များသည် ကြော်ငြာများနှင့်အတူ တင်ပြရန် အယ်လဂိုလ်ရီသန် (Algorithm) ကိုအသုံးချခဲ့ခြင်း၊ (၅) မိဘများမှ အဆိုပါ content များအပေါ်တွင်ထိန်းချုပ်မှုမရှိခြင်း နှင့် (၆) ကလေးများ၏ အကောင့်များမှာ မိဘများထိန်းချုပ်နိုင်ရန် ၎င်းတို့၏အကောင့်များနှင့် မချိတ်ဆက်နိုင်ခြင်း အစရှိတဲ့ အချက်ကြီး (၆)ချက်ကို UK အစိုးရဆီသို့ တင်သွင်းခဲ့ပါတယ်။ Molly Russell ရဲ့ case ဟာဆိုရင် ဆိုရှယ်မီယာကနေတစ်ဆင့် ကလေးငယ်တစ်ယောက် အသက်ဆုံးရှုံးခဲ့ရတဲ့အထိ ဖြစ်ခဲ့တဲ့ ပထမဆုံးဥပဒေကိစ္စရပ်တစ်ခု ဖြစ်လာပြီး UK’s Online Safety Act 2023 (OSA) (အွန်လိုင်းလုံခြုံရေးအက်ဥပဒေ) ရဲ့ ပင်မကျောရိုးဖြစ်လာခဲ့ပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင်လနှောင်းပိုင်းကစပြီး UK မှာ Online Safety Act 2023 (OSA) ကို စတင်အသက်သွင်းခဲ့တယ်။ ၂၀၂၃ ကနေ စတင်ရေးဆွဲခဲ့တဲ့ အက်ဥပဒေရဲ့ ပင်မရည်ရွယ်ချက်က အွန်လိုင်းဝန်ဆောင်မှုပေးသူတွေကို တရားမဝင်သော၊ ထိခိုက်စေသော content တွေကို ထိန်းချုပ်၊ လျှော့ချနိုင်ဖို့ စောင့်ရှောက်ရန်တာဝန် (duty of care) ကိုပေးအပ်ဖို့ပဲဖြစ်ပါတယ်။ ဥပဒေရဲ့ အဓိကတာဝန်က ညစ်ညမ်းရုပ်ပုံစာပေများ၊ အဆုံးစီရင်ခြင်း၊ မိမိကိုယ်ကို ထိခိုက်စေခြင်း၊ အာဟာရချို့တဲ့စေခြင်းတွေကို အားပေးအားမြှောက် လုပ်တဲ့ content တွေကို အထူးသဖြင့် ကလေးသူငယ်များ လက်လှမ်းမမှီနိုင်ရန်နဲ့ အနိုင်ကျင့်ခြင်း၊ အမုန်းစကားများ၊ ရုပ်ပုံပြအကြမ်းဖက်မှုများ၊ အန္တရာယ်ရှိတဲ့အပြုအမူများ ပါဝင်တဲ့ content တွေကို အသက်အရွယ်နဲ့ ကန့်သတ်နိုင်ရန်ဖြစ်ပါတယ်။ မိမိကိုယ်ကိုထိခိုက်စေရန် အားပေး၊ ကူညီခြင်း၊ အွန်လိုင်းပေါ်မှာ မတော်တရော်များကိုပေးပို့ခြင်း၊ ပြသခြင်း၊ ထိခိုက်စေနိုင်တဲ့ သတင်းအမှားများပေးပို့ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အလိုတူဓာတ်ပုံများဖြင့် နိုင်ထက်စီးနင်းလုပ်ခြင်း၊ ရောဂါတုန့်ပြန်စေရန် ရည်ရွယ်ချက်ဖြင့် နှောင့်ယှက်ခြင်း (epilepsy trolling) စတဲ့လုပ်ဆောင်မှုတွေကို ရာဇဝတ်မှုအဖြစ်သတ်မှတ်ပြီး ပြစ်ဒဏ်တွေကိုလည်း ချမှတ်ခဲ့ပါတယ်။
အွန်လိုင်းဝန်ဆောင်မှုတွေကို ထိန်းချုပ်တဲ့နေရာမှာ လက်တံရှည်တဲ့ ပလက်ဖောင်းကြီးတွေ (ဥပမာ- Wikipedia) ကို Category 1၊ User to User ဝန်ဆောင်မှုများ (ဥပမာ- YouTube)ကို Category 2B၊ ရှာဖွေနိုင်တဲ့ ဝန်ဆောင်မှုများကို Category 2A ဆိုပြီး (၃) ပိုင်းခွဲထားပါတယ်။ အပေါ်မှာပြောခဲ့တဲ့ ညစ်ညမ်းဝက်ဘ်ဆိုဒ်လိုမျိုးနေရာတွေက Category 1 ထဲမှာ အကျုံးဝင်ပါတယ်။ စစ်တမ်းတွေအရ (၈) ရာခိုင်နှုန်းသော အသက်(၈-၁၄)နှစ်ရှိတဲ့ ကလေးတွေက ညစ်ညမ်းဝက်ဘ်ဆိုဒ်တွေကို အလွယ်တကူ ဝင်ရောက်ကြည့်ရှုနေကြတဲ့ ခေတ်ကြီးမှာ OSA ရဲ့ ပြဌာန်းချက်တွေက အပြုသဘောဆောင်နိုင်သလို အသက်အတည်ပြုစနစ် အသစ်ကြောင့် အခြားသောအွန်လိုင်းဝန်ဆောင်မှုတွေမှာလည်း လုံခြုံတဲ့ အယ်လ်ဂိုရီသန်များကို ဒီဇိုင်းရေးဆွဲနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒါပေမယ့် အင်တာနက်ဆိုတာ လူ၊ အသက်အရွယ် မျိုးစုံရှိတဲ့နေရာဖြစ်ပါတယ်။ လူကြီးနဲ့ ကလေး သပ်သပ်ခွဲထားရမယ့် နေရာတွေရှိသလိုပဲ နှစ်မျိုးလုံးဒွန်တွဲတည်ရှိနေတဲ့ ဘုံနေရာတွေကိုလဲ မေ့ထားလို့မရပါဘူး။
OSA ရဲ့ အသက်အတည်ပြုစနစ်က ကလေးများကိုကာကွယ်နိုင်ဖို့ ပင်မရည်ရွယ်ချက်အဖြစ် ပြဋ္ဌာန်းထားတယ်ဆိုပေမဲ့ ဘုံနေရာအထိပါ ဝင်ရောက်နေရာယူလာတာကို တွေ့ရပါတယ်။ Spotify လို့ခေါ်တဲ့ ကမ္ဘာကျော် ဂီတဆိုင်ရာအက်ပ်ဟာ ဘုံနေရာမှာရှိတဲ့ အွန်လိုင်းဝန်ဆောင်မှုများထဲက တစ်ခုဖြစ်ပါတယ်။ OSA ရဲ့ အသက်အတည်ပြုစနစ်ကြောင့် Spotify ပေါ်မှာ အသက်ကန့်သတ်ထားတဲ့ content တွေကိုနားထောင်နိုင်အတွက် UK မှာရှိတဲ့ Users တွေကို အသက်အတည်ပြုခိုင်းသလို၊ ၁၃နှစ်အောက်လို့ သံသယရှိတဲ့ user တွေရဲ့ အကောင့်တွေကို Spotifyမှ ပိတ်သိမ်း၊ ဖယ်ရှားသွားမှာဖြစ်ပါတယ်။ အသက်အတည်ပြုရန်အတွက် Spotify က UK အခြေဆိုက် ဒီဂျစ်တယ် သက်သေခံကုမ္ပဏီ Yoti နဲ့ပူးပေါင်းပြီး မျက်နှာစကန်အပါအဝင် အတည်ပြုနည်းလမ်းများကို ရွေးချယ်ခွင့်ပေးထားပါတယ်။
နောက်ထပ် လူကြီး၊ ကလေးနှစ်မျိုးလုံး အများအပြားရှိတဲ့နေရာကိုပြပါဆိုရင် ဂိမ်းလောကကိုပဲ ညွှန်းရပါလိမ့်မယ်။ Microsoft ရဲ့ Xbox ဂိမ်းလောကမှာ ၂၀၂၅ ခုနှစ် ဇူလိုင်လနှောင်းပိုင်းကစပြီး UK မှာရှိတဲ့ အသက် (၁၈) နှစ်ကျော်လို့ခန့်မှန်းလို့ရတဲ့ ကစားသူများရဲ့အကောင့်တွေမှာ အသက်အတည်ပြုပေးဖို့ နိုတီတွေတတ်လာတယ်လို့ ဆိုကြပါတယ်။ လောလောဆယ်တော့ မလုပ်လည်းရပေမဲ့ ၂၀၂၆ ကစပြီး ကစားသူအားလုံးအတွက် လုပ်ဆောင်ရန် လိုအပ်ချက်တစ်ခု အနေနဲ့ထည့်သွင်းသွားမှာဖြစ်ပြီး ပျက်ကွက်တဲ့သူတွေကတော့ ဂိမ်းထဲက feature တွေကို ကန့်သတ်ခံရမှာ ဖြစ်ပါတယ်။ အသက်အတည်ပြုဖို့အတွက် Xbox ကချထားပေးတဲ့နည်းလမ်းတွေမှာ အစိုးရအတည်ပြု ID၊ အသက်ခန့်မှန်းကိရိယာ၊ ဘဏ်ကဒ်နှင့်အချက်အလက်တွေ ပါဝင်ပါတယ်။ လက်ရှိမှာတော့ UK ကစားသူများအတွက်သာအကျုံးဝင်ပေမယ့် နောက်ပိုင်းပိုပြီးကျယ်ပြန့်လာမယ့် အကြောင်းကိုလဲ အရိပ်အမြွက်ပေး ပြောဆိုထားပြီးသားဖြစ်ပါတယ်။
အပေါ်မှာပြောခဲ့တဲ့ Spotify နဲ့ Microsoft ဆိုတာ Cooperate အကြီးစားတွေပါ။ အတည်ပြုပြီး ၎င်းတို့စီရောက်လာတဲ့ ဒေတာတွေကို ကိုင်တွယ်နိုင်ဖို့ အရင်းအမြစ်အလုံအလောက်ရှိပေမဲ့ ဝန်ဆောင်မှုအသေးစားတွေနဲ့ community မှအဓိက ကိုင်တွယ်တဲ့ Wikipedia, Reddit, Discord လိုနေရာတွေကတော့ အထိနာရပါတယ်။ Reddit မှာဆိုရင် UK အခြေစိုက် ဖိုရမ်တွေဖြစ်တဲ့ ဥပမာ- LGBTQ+ အဖွဲ့များနဲ့ အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဖိုရမ်တွေက အသက်အတည်ပြုစနစ်ထဲကို အကျုံးဝင်သွားပြီး ဆက်လက်အသုံးပြုနိုင်ရန် အစိုးရ ID သို့မဟုတ် selfie ပုံကို အပြင်ဝန်ဆောင်မှုများထံသို့ ပေးအပ်ရမှာဖြစ်ပါတယ်။ အမည်မဖော်ပြသော စေတနာ့ဝန်ထမ်းများ လုပ်အားနဲ့ လည်ပတ်တဲ့ Wikipedia ဟာဆိုရင် အတည်ပြုဥပဒေကြောင့် ၇၅%သော UK ရှိ users များကို ပိတ်ပင်၊တားဆီး ပေးရမှာဖြစ်တဲ့အတွက် UK တိုင်းဒေသကြီး တရားလွှတ်တော်အထိ Category 1 အထဲသို့မကျရောက်စေရန် တက်ရောက်ခုခံခဲ့ပေမယ့် ပယ်ချခြင်းခံခဲ့ရပါတယ်။
ပြည်သူတွေရဲ့ တုံ့ပြန်မှုကလည်း ပြင်းထန်ပါတယ်။ ဥပဒေသက်ဝင်တဲ့နေကစပြီး UK မှာ VPN အသုံးပြုမှုတွေရုတ်တရက် မြင့်တတ်လာသလို၊ လူပေါင်း ၄၀၀,၀၀၀ ကျော်လက်မှတ်ထိုးထားတဲ့ အသနားခံစာများ ပေါ်ပေါက်လာခဲ့ပြီး၊ Reddit လိုပလပ်ဖောင်းကြီးများမှာလဲ ဆန္ဒပြ၊ ဝေဖန်တဲ့ post တွေအများကြီးတတ်လာပါတယ်။ ပြဌာန်းချက်တွေက ငယ်ရွယ်သူတွေကို ကာကွယ်ပေးနိုင်ပေမဲ့ တစ်ချိန်ထဲမှာပဲ အရွယ်ရောက်ပြီးသူတွေအတွက် ဒေတာလုံခြုံရေးနဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ရာကျတယ်လို့ သုံးသပ်လို့ရပါတယ်။ လက်ရှိမှာ ဒေတာကောက်ယူဖို့အတွက် third-party ဝန်ဆောင်မှုတွေကို အသုံးပြုရမှာဖြစ်သောကြောင့် ဒေတာအလွဲသုံးစား လုပ်ခံရနိုင်ခြေများသလို၊ အထောက်အထားကဒ်များ မရှိသောကြောင့် အတည်မပြုနိုင်သူများမှာလည်း နေ့စဉ်အသုံးပြုနေကြ ဝန်ဆောင်မှုတွေနဲ့ လက်လှမ်းဝေးရမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အသက်အတည်ပြုစနစ်မှာ ဂိမ်းဇာတ်ကောင်ပုံတွေရဲ့ မျက်နှာပုံတွေပါ အသုံးပြုလို့ရတဲ့အပြင် VPN သုံးပြီးတစ်ခုလုံးကို ကျော်ချလို့ရတဲ့အတွက် ၎င်းရဲ့လုံခြုံမှုနှင့် အကျိုးသက်ရောက်မှုတွေအပေါ်မှာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ OSA 2023 ရဲ့ ရည်ရွယ်ချက်လမ်းစဉ်ကြောင့် အရွယ်မရောက်သေးသူတို့အတွက် ထိရောက်တဲ့ ဆင်ဆာစနစ်ကို ကျင့်သုံးနိုင်ပေမဲ့ အရွယ်ရောက်ပြီးသူများအမြင်မှာတော့ ကလေးသူငယ်များ လုံခြုံရေးကို ဗန်းပြပြီး ဒေတာများအတင်းအကြပ် ကောက်ယူတဲ့ ပုံစံဖြစ်နေပါတယ်။ သို့ပေမဲ့ UK ရဲ့ OSA က တစ်ကမ္ဘာလုံးဆိုင်ရာ အသက်အတည်ပြုဥပဒေ trend ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ Electronic Frontier Foundation (EFF) ရဲ့ထုတ်ဖော်ချက်အရ ပြင်သစ်နိုင်ငံ တရားရုံးများမှာ ညစ်ညမ်းဝက်ဘ်ဆိုဒ်များအသုံးပြုရန် အသက်အရွယ်စီစစ်မှုကို အတည်ပြုနေပြီး၊ EU ကော်မရှင်မှာတော့ ကိုယ်ပိုင် အသက်အတည်ပြု အက်ပ်ကို စမ်းသပ်ဆဲအဆင့်မှာရှိပါတယ်။ Australian အစိုးရက အသက် ၁၆ နှစ်အောက်များကို ဆိုရှယ်မီဒီယာ အသုံးပြုခြင်းမှ တားမြစ်ရန် ဆောင်ရွက်လျှက်ရှိပြီး၊ US ပြည်ထောင်စုတရားလွှတ်တော်မှာတော့ လိင်ပိုင်းဆိုင်ရာ content များအတွက် အသက်အရွယ်စီစစ်နိုင်ရန် ပြင်ဆင်လျှက်ရှိပါတယ်။ UK ရဲ့ OSA 2023 ဟာရည်ရွယ်ချက်ကောင်းပေမယ့် နှစ်ဖက်ချွန်ဓားတစ်ချောင်း လိုဖြစ်နေတဲ့အတွက် အနာဂတ်ကာလမှာ ဘယ်လိုပြင်ဆင်မလဲဆိုတာကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
