လူတော်တော်များများက “နုလိုက်တာနော်၊ အသက်အဲ့လောက်ရှိပြီလို့တောင်မထင်ရဘူးနော်၊” တစ်နည်းအားဖြင့် ရှိရင်းစွဲထက် ငယ်တယ်လို့ အပြောခံရတာကို နှစ်သက်ကြပါတယ်။ တချို့ကလည်း လူတစ်ယောက်ရဲ့ ပြောဆိုပြုမူပုံကိုကြည့်ပြီး “အသက်သာကြီးသွားတယ် ပြောဆိုလုပ်ကိုင်ပုံက လူငယ်အတိုင်းပဲ”လို့ အမွှန်းတင်ကြတာလည်းရှိပါတယ်။ ဘယ်လိုပဲပြောပြော အပြောခံရတဲ့သူကတော့ အကြည်ဓာတ်လေးတွေ ရသွားတာပေါ့။ သို့ပေမယ့် ကိုယ့်ကိုငယ်တယ်လို့ပြောတာ တခြားသူမဟုတ်ပဲ AI ဖြစ်နေမယ်ဆိုရင်ကော။ တစ်မျိုးလေးတော့ ခံစားရပေမယ့် ဘာမှမဖြစ်ပါဘူးလို့ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် အမေရိကန်နိုင်ငံအတွင်းက Youtube အသုံးပြုသူတချို့မှာ အသက်ငယ်တယ်လို့ အထင်ခံရတဲ့အတွက် ကန့်သတ်ချက်တွေနောက်ကို အတင်းပို့ခံလိုက်ရလို့ပဲဖြစ်ပါတယ်။
၂၀၂၅၊ သြဂုတ်လ၊ ၁၃ ရက်နေ့ကစပြီး အမေရိကန်နိုင်ငံအတွင်း Youtube ထဲမှာ အသက်ခန့်မှန်းပေးမယ့် AI မော်လ်ဒယ်တစ်ခုကို စတင်ထည့်သွင်းအသုံးပြုနေပြီဖြစ်ပါတယ်။ ဥပဒေကတော့ အမျိုးအစားကွဲတွေရှိပေမယ့် ဘုံရည်ရွယ်ချက်ကတော့ ကလေးသူငယ်တွေကို အင်တာနက်ပေါ်က အန္တရာယ်ရှိတယ်လို့ ယူဆရတဲ့ အရာတွေကနေ ကာကွယ်ပေးနိုင်ဖို့နဲ့ အသက်အရွယ်နဲ့ညီမျှတဲ့ အတွေ့အကြုံကိုပေးချင်လို့ပဲ ဖြစ်ပါတယ်။ ဝန်ခံရရင် ဘယ်လိုမျိုး ဝက်ဘ်ဆိုဒ်ပဲဖြစ်ဖြစ် အသက်လိမ်ထည့်တာကို ကျွန်တော်ကိုယ်တိုင်လည်း လုပ်ခဲ့ဖူးပါတယ်။ Youtube အတွက်က AI မထည့်သွင်းခင်မှာ အသက်အတည်ပြုဖို့အတွက် မွေးနေ့ကိုတိုက်ရိုက်ထည့်ခိုင်းတာကလွဲရင် ထပ်ဆင့်အဆင့်တွေမရှိခဲ့ပါဘူး။ သို့ပေမယ့်လည်း လူမှုကွန်ယက်ပေါ်က လွှမ်းမိုးမှုတွေကြောင့် အသက်ဆုံးရှုံးတဲ့ အဖြစ်အပျက်တွေကလည်း အမှန်တယ်ရှိတာမို့ ဒီလိုနည်းပညာအသစ်ကို ထည့်သွင်းအသုံးပြုတာကိုလည်း ကောင်းကျိုးမရှိဘူး မုချပြောလို့မရပါ။
အသုံးပြုသူတွေအပေါ်မှာ ဘယ်လောက်ထိ သက်ရောက်မှုရှိလဲဆိုတာသိဖို့ AI ကဘယ်လို အလုပ်လုပ်မှာလဲဆိုတာကို သိဖို့လိုပါတယ်။ AI ကနေ သံသယရှိတဲ့ အကောင့်တစ်ခုကိုတွေ့တဲ့အခါ ဒီအချက်တွေလုပ်ဆောင်ပါတယ်။ (၁) ဘယ်လိုမျိုး အကြောင်းအရာဗီဒီယိုတွေကိုကြည့်တတ်တာလဲ၊ ကိုယ်အကောင့်ထဲမှာ Subscribe လုပ်ထားတဲ့ ဒါမှမဟုတ် ကြည့်လေ့ရှိတဲ့ အကြောင်းအရာတွေ နောက်တစ်မျိုးပြောရရင် အကောင့်ရဲ့ ကိုယ်ပိုင် algorithm ကိုနောက်ကွယ်ကနေ လေ့လာမှာဖြစ်ပါတယ်။ (၂) ဘယ်လိုအကြောင်းအရာ ဗီဒီယိုတွေကိုရှာကြည့်တတ်လဲ၊ အကောင့်ထဲက အသုံးပြုသူရဲ့ ရှာဖွေထားတဲ့ ဒေတာတွေကိုလည်းကြည့်ပြီး အကဲဖြတ်မှာဖြစ်ပါတယ်။ (၃) အကောင့်သက်တမ်းဘယ်လောက်ရှိပြီလဲ၊ ဒီအချက်ကတော့ အသစ်နဲ့အဟောင်းသပ်သပ်ခွဲဖို့ကလွဲရင် တခြားရည်ရွယ်ချက်မရှိလို့မြင်ပါတယ်။ ဒီအချက်တွေက AI လှမ်းပြီးအချက်ပေးမှာမို့လို့ထင်ပါတယ် Youtube ရဲ့တရားဝင်အခေါ်အဝေါ်အရ Signals လို့ခေါ်ပါတယ်။
အပေါ်မှာပြောခဲ့တဲ့ Signal တွေနဲ့ညှိပြီး AI ကဖမ်းလိုက်ပြီဆိုပါစို့။ ဖမ်းခံထိရင်ဘာလုပ်မှာလဲ။ အကောင့်ကို restricted mode ထဲကိုထည့်လိုက်မှာဖြစ်တယ်။ ကန့်သတ်ခံရတဲ့အကောင့်တွေကို (၁) ပစ်မှတ်ထားတဲ့ ကြေညာတွေပိတ်ပေးမယ်။ (၂) ဒစ်ဂျစ်တယ် well-being (အစောင့်အရှောက်) ပွင့်လာမယ်။ ဒစ်ဂျစ်တယ် well-being ဆိုတာက အိပ်ယာဝင်ချိန် သတိပေးချက်၊ စုစုပေါင်းကြည့်ချိန်၊ အနားယူဖို့သတိပေးချက်၊ နိုတီမတတ်အောင်၊ တတ်လည်းပွမနေအောင် သတိပေး၊ ထိန်းထားပေးမယ့် လုပ်ဆောင်ချက်တွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ (၃) restricted ဖြစ်တဲ့ algorithm မှာလည်း safeguard (အကာအကွယ်) ( ၆ ) ချက်ပါလာမယ်။ Safeguard (၆)ချက်ဆိုတာက (က) ကိုယ့်ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို အခြားသူများနှင့် နှိုင်းယှဉ်မိအောင်လုပ်ခြင်း၊ (ခ) သဘာဝမကျတဲ့ ကိုယ်အလေးချိန်၊ ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းကို စံထားစေခြင်း၊ (ဂ) အများသူငှာ အထူးသဖြင့်သူစိမ်းများကို ထိခိုက်ခြောက်လှန့်စေခြင်း၊ (ဃ) ငွေကြေးနှင့်ပတ်သတ်ပြီး လက်တွေ့မဆန်သော၊ ဆိုးရွားသောအကြံပေးချက်များ၊ (င) မလိမ္မာ၊ မယဉ်ကျေးသောအပြုအမူများကို လုပ်ယူဖော်ပြသော၊ (စ) ဆယ်ကျော်သက်များကို ရက်စက်၊ ယုတ်မာစေရန် သရုပ်ဖော်ပြသသော သို့မဟုတ် တခြားသူများအပေါ် နှိမ်ချလှောင်ရယ်ရန် အားပေးသော အစရှိတဲ့ အကြောင်းအရာတွေကို ဆိုလိုတာဖြစ်ပါတယ်။ အတိအကျ ဘယ်လိုမျိုးခွဲခြားလဲလို့တော့ ပြောဆိုထားတာမျိုးမရှိပေမဲ့ အဆိုပါ (၆) ချက်နဲ့ ငြိတဲ့ ဗီဒီယိုတွေကို မပေါ်လာအောင်၊ ပေါ်လာခဲ့လည်း ထပ်ခါထပ်ခါမပေါ်အောင် စီစစ်ပေးမှာဖြစ်တယ်။
ဒီလောက်ထိဖတ်လာပြီး ဒီ AI ကသိပ်တော့လည်း မဆိုးလှပါဘူးလို့ တွေးကောင်းတွေးမိနိုင်ပါတယ်။ တကယ်ပြောရရင်လည်း ဆိုးရွားလှတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ဝေဖန်ဆုံးဖြတ်နိုင်စွမ်း မရင့်ကျက်သေးတဲ့အချိန်မှာ ဆယ်ကျော်သက်တွေက သူတို့ကြိုက်ရတဲ့ အနုပညာရှင်တွေ၊ ဖန်တီးရှင်တွေ၊ အတွေးအခေါ်၊ လမ်းညွှန်မှားတွေနောက်ကို လိုက်မှန်းမသိလိုက်မိပြီး အသက်အန္တရာယ်ထိခိုက်ရတဲ့ သာဓကတွေဆိုတာလည်း တကယ်ရှိတဲ့ အဖြစ်အပျက်တွေပါ။ သို့ပေမဲ့ ဒီ AI က ရှဉ့်လည်းလျှောက်သာ ပျားလည်းဆွဲသာ တော့မဖြစ်ခဲ့ပါဘူး။ Youtube ဘက်ကနေ မှားတယ်လို့ပြောလို့ရတဲ့ အရာက AI ကို ကြီးကြပ်မဲ့သူမရှိပဲ ဒီအတိုင်းသုံးလိုက်ခြင်းပါ။ အပေါ်မှာပြောခဲ့တဲ့ signal တွေအရ ကလေးနဲ့သက်ဆိုင်တဲ့အရာတွေကိုကြည့်တဲ့ အကောင့်မှန်သမျှ ကလေးပိုင်အကောင့်လို့ သတ်မှတ်ရအောင်လည်း စာရေးသူကျွန်တော်ကိုယ်တိုင် animation တွေ၊ ကာတွန်းတွေကြည့်တတ်တဲ့အတွက် ကျွန်တော်အကောင့်ဆိုလည်း ပါသွားနိုင်ပါတယ်။
ဂွက အဲ့မှာကျပါတယ်။ Youtube ကအခုနောက်ပိုင်းကစပြီး အကောင့်အသစ်တွေကို အသက်အတင်း အတည်ပြုခိုင်းပါတော့တယ်။ မွေးနေ့နဲ့တင် မလုံလောက်တော့ပဲနဲ့ ဖုန်းနံပါတ်၊ ခရက်ဒစ်ကဒ်၊ မှတ်ပုံတင် တွေကိုတောင်းဆိုလာပါတယ်။ AI ကြောင့် မှားပြီးသတ်မှတ်ခံရတဲ့ အကောင့်ပိုင်ရှင်တွေမှာလည်း အရင်လိုပြန်သုံးလို့ရဖို့ ကိုယ်ရဲ့ဒေတာတွေကို ပေးဖို့လိုအပ်လာပါတယ်။ အရင်က ဒီအတိုင်း အလကားသုံးနေရာကနေ အခုတော့ကိုယ်ရဲ့ အစိုးရနဲ့ပါသက်ဆိုင်တဲ့ ဒေတာအစစ်တွေပါ တောင်းလာတာက ကိုယ်ဒေတာကို တန်ဖိုးထားသူတွေအတွက် ဘောင်ကျော်တဲ့ အကွက်တွေ ရွှေ့တာလို့ပြောလို့ရပါတယ်။ ပြီးရင် Youtube ဆိုတာလူအများအပြားသုံးတဲ့ ပလပ်ဖောင်းပါ။ လူတွေကဒေတာတွေ ပေးချင်တယ်ဆိုပါဉီးတော့ အဲ့ဒေတာတွေရဲ့ လုံခြုံမှုကို Youtube ကိုယ်တိုင်က အာမခံချက်ပေးထားတာမျိုးမရှိသလို၊ ဒေတာပေါက်ကြားမှုတွေ နေ့တိုင်းလိုလိုဖြစ်နေတဲ့ ခေတ်မှာ အကြောင်းမရှိပဲမပေးချင်တာ သဘာဝကျပါတယ်။ နောက်တစ်ခုက လွတ်လပ်မှုကို ထိခိုက်လာခြင်းပါ။ ဘယ်လို ဗီဒီယိုမျိုးပဲဖြစ်ပါစေ လူတိုင်းမှာကိုယ်ကြည့်ချင်တာကို ကြည့်ခွင့်ရှိပါတယ်။ ဒေတာတွေရလာတဲ့ အခါမှာ မီဒီယာတွေကို ထိန်းချုပ်သလိုမျိုး အလားတူမလုပ်နိုင်ဘူးလို့ အာမခံနိုင်ပါသလား။
ဒီ Youtube ရဲ့ရွှေ့ကွက်တွေကို လက်မခံနိုင်တဲ့သူပေါင်း ၁ သိန်း ၂ သောင်းကျော်ကတော့ လက်မှတ်ထိုးထားပြီးပါပြီ။ (Change.org မှာကြည့်နိုင်ပါတယ်။) တချို့ကတော့ လက်မှတ်ထိုးရုံတင်မက သပိတ်မှောက်ဖို့အတွက်ပါ #boycottyoutube ဆိုတဲ့လှုပ်ရှားမှုကို လုပ်ဆောင်လျက်ရှိပါတယ်။ အစားထိုးပလပ်ဖောင်း လိုက်ရှာတဲ့သူရှိသလို လိုင်းပြောင်းသွားတဲ့သူတွေ လည်းရှိလာပါတယ်။ ကလေးတွေ သုံးဖို့အတွက် Youtube Kids ဆိုတာရှိပြီးသားပါ။ မျှမျှတတပြောရရင် ကလေးတစ်ယောက် မကြည့်သင့်တာမကြည့်ရအောင် ထိန်းကျောင်းဖို့က မိဘတွေမှာလဲ တာဝန်ရှိပါတယ်။ စာရေးသူရဲ့ အမြင်ကတော့ Youtube ရဲ့ ချဉ်းကပ်ပုံကို မှန်တယ်၊ မှားတယ်ပြောဖို့အတွက် အချိန်စောပါသေးတယ်။ လက်ရှိမှာတော့ အမေရိကန်နိုင်ငံ အတွင်းမှာပဲ အသုံးပြုနေသေးတာကြောင့် စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် လို့ဆိုရင်း ဒီမှာအဆုံးသတ်လိုက်ပါတယ်။
