ဗြိတိန်အစိုးရကနေ ၂၅ ရက်နေ့ စက်တင်ဘာလ ၂၀၂၅ ခုနှစ် ရက်စွဲနဲ့ မလုပ်မဖြစ်လုပ်ရမယ့် ဒစ်ဂျစ်တယ်မှတ်ပုံတင်စနစ် တစ်ခုကို စတင်အသက်သွင်းခဲ့ပါတယ်။ “BritCard” လို့လည်းခေါ်ပါတယ်။ ကြေညာချက်အရ တရားဝင်အလုပ်လုပ်ကိုင်ဖို့ အထိပါသက်ရောက်မှုရှိလာမှာဖြစ်ပြီး ၂၀၂၉ ဇူလိုင်လက စတင်အကြုံးဝင်လာမှာဖြစ်တယ်။ ဆိုလိုတဲ့သဘောက သိပ်မဝေးတော့တဲ့ အနာဂတ်မှာ ဗြိတိန်နိုင်ငံသားများနဲ့ တရားဝင်နေထိုင်သူ အကုန်လုံးက ဒစ်ဂျစ်တယ်မှတ်ပုံတင်တစ်ခု ရလာမှာဖြစ်တယ်။ လူအများစုအတွက် စမတ်ဖုန်းထဲက အစိုးရတရားဝင်အက်ပ် ထဲမှာရှိနေမှာဖြစ်ပြီး မလုပ်နိုင်တဲ့လူ၊ ဖုန်းမသုံးချင်တဲ့လူတွေ အတွက်သပ်သပ် support တွေရှိတယ်လို့လဲဆိုပါတယ်။ အဓိကရည်ရွယ်ချက်က နိုင်ငံသားတိုင်းအတွက် အလုပ်လျှောက်တဲ့အခါပဲဖြစ်ဖြစ်၊ ပြည်သူ့ဝန်ဆောင်မှုအတွက်ပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကကုမ္ပဏီ တွေနဲ့ဆက်ဆံတဲ့ အချိန်ပဲဖြစ်ဖြစ် ဒစ်ဂျစ်တယ် မှတ်ပုံတင်နဲ့ အစိုးရမှတ်ပုံတင် တစ်ခုခုနဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ပြနိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။
အစိုးရရဲ့ပြောဆိုချက်အရ ဒီစနစ်သစ်သည် လူနေမှုဘဝကို ပိုမိုလွယ်ကူလုံခြုံအောင်အတွက် အဓိကရည်ရွယ်ပါတယ်။ လက်ရှိအချိန်မှာ နိုင်ငံသားတွေကနေ အလုပ်ရှာနေတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ ဘဏ်အကောင့်ဖွင့်တာပဲဖြစ်ဖြစ်၊ ခံစားခွင့်အတွက် လျှောက်တာပဲဖြစ်ဖြစ် ပတ်စ်စပို့၊ ယဥ်မောင်းလိုင်စင်၊ စာရွက်စာတမ်းအပုံလိုက်နဲ့ အထောက်အထားသက်သေပြနေရပါတယ်။ ဒစ်ဂျစ်တယ်မှတ်ပုံတင်ထဲမှာ အဆိုပါစာရွက်စာတမ်းအကုန် လုံခြုံစွာတစ်နေရာထဲမှာသိမ်းထားနိုင်အောင် အစိုးရကလုပ်ပေးမှာဖြစ်တယ်။ ဆိုတော့နောက်ပိုင်းမှာ စာရွက်တွေတစ်ပုံကြီးပေးမယ့်အစား ဒစ်ဂျစ်တယ်မှတ်ပုံတင်ကိုတစ်ခုတည်းနဲ့ အသက်ကန့်သတ်ထားတဲ့ အရာတစ်ခုကိုဝယ်တဲ့အခါ အတည်ပြုဖို့အတွက် အသုံးပြုလို့ရမှာဖြစ်တယ်။
နောက်အကြောင်းပြချက်တစ်ခုကတော့ တရားမဝင်အလုပ်နှင့် လူမှုကြီးကြပ်ရေးကို ထိန်းချုပ်ဖို့ အစီအစဥ်ဖြစ်ပါတယ်။ အလုပ်ရှင်တွေကနေ အလုပ်မခန့်ခင်မှာ ဒစ်ဂျစ်တယ်မှတ်ပုံတင်ကို စစ်ဆေးနိုင်မှာဖြစ်တယ်။ အစိုးရမျှော်လင့်တာက တရားမဝင်ရှိနေတဲ့လူတွေအတွက် အလုပ်အကိုင်ရှာဖွေရ ခက်ခဲစေဖို့နဲ့ ဥပဒေလိုက်နာတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက်လည်း လုပ်ရကိုင်ရ လွယ်ကူစေဖို့ဖြစ်တယ်။ ဒစ်ဂျစ်တယ်မှတ်ပုံတင်ကို ထောက်ခံတဲ့သူတွေကတော့ ဒီပုံစံက ဥရောပမှာရှိပြီးသားဖြစ်ပြီး UK က အခုမှ နောက်ကလိုက်လုပ်နေတာလို့လည်း ဆိုကြပါတယ်။
အကယ်၍ အစီအစဉ်အတိုင်းဖြစ်လာခဲ့မယ်ဆိုရင် ၂၀၂၉ အရောက်မှာ နိုင်ငံသားအများစုရဲ့ ဖုန်းထဲမှာ ဒစ်ဂျစ်တယ်မှတ်ပုံတင် ရှိလာတော့မှာဖြစ်ပါတယ်။ ဒီလိုတွေးကြည့်ပါ။ သင်ဟာအလုပ်လျှောက်ဖို့ ပြင်ဆင်တဲ့အခါမှာ သင့်ရဲ့ ပတ်စ်ပို့ သို့မဟုတ် ဗီဇာတွေကို သပ်သပ်ပို့စရာမလိုတော့ပဲနဲ့ ဒစ်ဂျစ်တယ်မှတ်ပုံတင်ကိုသာပြပေးဖို့လို့မှာဖြစ်သလို အလုပ်ရှင်ကလည်း သင်သည် တရားဝင်အလုပ်လုပ်နိုင်ကြောင်း အလွယ်တကူသိနိုင်မှာဖြစ်တယ်။ ဘက်စုံသုံးလို့ရမှာဖြစ်တဲ့အတွက် စာရွက်စာတမ်းပါဝင်တဲ့ ကိစ္စတွေအကုန်လုံး အရင်ကထက်ပိုပြီးမြန်ဆန်သွားမှာဖြစ်ပါတယ်။ အစိုးရကလည်း မှတ်ပုံတင်လုပ်ဖို့အတွက် အခကြေးငွေကောက်ခံသွားမှာမဟုတ်ပဲနဲ့ ဖုန်းမရှိတဲ့သူတွေအတွက်လည်း တခြားအစီအစဉ်တွေရှိလာမယ်လို့ တိုက်တွန်းပြောဆိုထားပါတယ်။ ဒစ်ဂျစ်တယ်မှတ်ပုံတင်ကို လုံခြုံရေးအတွက် အံဝင်ခွင်ကျဖြစ်အောင်အထိလုပ်နိုင်ဖို့အထိ ရည်မှန်းထားတယ်လို့ဆိုပါတယ်။ ဥပမာ- အသက် ၁၈ နှစ်ကျော်ကြောင်းကို အတည်ပြုဖို့အတွက်ပဲ လိုတယ်ဆိုရင် မွေးနေ့မွေးရက်ကို အပြည့်အဝပြစရာမလိုတဲ့အထိ ထိန်းချုပ်နိုင်အောင် အထိဆောင်ရွက်သွားမယ်လို့လဲဆိုပါတယ်။
ကတိကဝတ်တွေရဲ့ နောက်ကွယ်မှာ အငြင်းပွားမှုတွေလည်းရှိလာပါတယ်။ အဆိုပါ ဒစ်ဂျစ်တယ်မှတ်ပုံတင်တစ်ခုဖြစ်လာဖို့အတွက် အတွင်းရေးဒေတာတွေကို ကျိမ်းသေပေးရမှာဖြစ်တဲ့အတွက် စောင့်ကြည့်ရေးကိရိယာတစ်ခုဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဝေဖန်ကြတယ်။ ဗြိတိန်နိုင်ငံသားတွေက မှတ်ပုံတင်ကို သယ်ယူလေ့မရှိတာကြောင့် နိုင်ငံသားလွတ်လပ်ခွင့်လှုပ်ရှားသူတွေက နိုင်ငံနဲ့ နိုင်ငံသားတွေကြားက ဆက်ဆံရေးပြောင်းလဲသွားနိုင်တယ်လို့ တွေးကြပြီး အာဏာပိုင်တွေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ အပါအဝင် လူတွေရဲ့လှုပ်ရှားမှုကို စောင့်ကြည့်ခွင့်ရနိုင်သွားမယ်လို့ယူဆကြပါတယ်။ ဒါ့အပြင် မသမာသူတွေအတွက် အစိုးရဆာဗာက ဒေတာစုဘူးကြီးလိုဖြစ်လာနိုင်တဲ့အတွက် ဆိုက်ဘာလုံခြုံရေးအတွက်လည်း စိုးရိမ်ဖွယ်ရာရှိပါတယ်။ ပေါက်ကြားမှုတစ်ခုတည်းနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာအထိဖြစ်သွားနိုင်ပါတယ်။ အစိုးရက ကမ္ဘာအဆင့်မီလုံခြုံရေးအဆင့်ထိ ထည့်သွင်းသွားမယ်လို့ပြောဆိုခဲ့ပေမယ့် တကယ်စဉ်းစားကြည့်ရင် ပြီးပြည့်စုံတဲ့စနစ်ဆိုတာ ရှိမလာနိုင်ပါဘူးလို့ ကျွမ်းကျင်သူတွေက ယုံကြည်ကြပါတယ်။
နောက်တစ်ချက်က လူတိုင်းပါဝင်အောင် ဆောင်ရွက်နိုင်ဖို့ပါ။ လူတိုင်းကနည်းပညာနဲ့ မရင်းနှီးနိုင်ပါဘူး။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ အင်တာနက် ရဖို့ခက်ခဲ့တဲ့နေရာကလူတွေ အကုန်လုံးအဆင်ပြေပြေ ပြောင်းလဲအသုံးပြုနိုင်ဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စဖြစ်ပါတယ်။ အစိုးရရဲ့ အခြားသော အစီအစဉ်ကလည်း အခုချိန်ထိတော့ သေသေချာချာ ထုတ်ဖော်ပြောထားခြင်းမရှိသေးပါဘူး။ ကမ်ပိန်းဆောင်ရွက်သူတွေမှ သေချာကိုင်တွယ်ဆောင်ရွက်မှုမရှိခဲ့သော် တချို့သောလူအများစုမှာ အလုပ်အကိုင်မရနိုင်ခြင်း၊ ခံစားခွင့်များ မရနိုင်ခြင်း၊ ကျန်းမာရေးခံစားခွင့်များ ဆုံးရှုံးခြင်းတို့အထိဖြစ်လာနိုင်တယ်လို့ သတိပေးပြောဆိုထားပါတယ်။ စနစ်ကြီးတစ်ခုလုံး ၂၀၂၉ ခုနှစ် မှာစတင် သုံးစွဲနိုင်ဖို့အတွက် အစိုးရက မျှော်မှန်းထားပြီး ကြားကာလမှာ တိုင်ပင်ဆွေနွေးခြင်း၊ နည်းပညာ စမ်းသပ်မှုများ၊ ညီလာခံတွင် ညှိနှိုင်းပြောဆိုခြင်းများ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ပုံမှန်လုပ်ဆောင်သွားမှာဖြစ်ပြီး၊ လိုအပ်ချက်များကို အချိန်ပေးပြင်ဆင်သွားမယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ သို့ပေမယ့် ဒစ်ဂျစ်တယ်မှတ်ပုံတင် စနစ်အထမြောက်နိုင်ဖို့အတွက် နည်းပညာတင်မက နိုင်ငံရေး၊ ယုံကြည်မှုနဲ့ သာမန်ပြည်သူတွေအပေါ်မှာ ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိလာမလဲဆိုတာပေါ်မှာမူတည်ပါတယ်။
ဒစ်ဂျစ်တယ်မှတ်ပုံတင် စနစ်က ဆွီဒင်၊ ဖင်လန်၊ ဒိန်းမတ်၊ ဂျာမနီ၊ စင်ကပူ၊ အီတလီ၊ စပိန်၊ ပြင်သစ် နဲ့ အချို့သောနိုင်ငံတွေမှာ အသုံးပြုနေပြီးသားဖြစ်တဲ့အတွက် အသစ်လို့တော့မဆိုနိုင်ပါ။ UK အနေနဲ့သေချာဆောင်ရွက်နိုင်ခဲ့သော် အပေါ်မှာပြောခဲ့သလို စာရွက်စာတမ်းပါဝင်တဲ့ကိစ္စများ၊ အတည်ပြုကိစ္စများကို အချိန်တိုအတွင်းဆောင်ရွက်နိုင်မယ့် အကျိုးထူးတွေရှိပါတယ်။ တချိန်တည်းမှာပဲ လုံခြုံရေး အရ နှစ်ခါအမှားမခံနိုင်တဲ့ အခြေအနေကိုရောက်ရှိသွားမှာဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ ယုံကြည်မှုကို ဗြိတိန်အစိုးရအနေနဲ့ မည်သို့ရယူနိုင်မလဲဆိုတာ စောင့်ကြည့်မှာဖြစ်ပြီး ဤဆောင်းပါးကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
