‌အေအိုင် သည် လက်ရှိလူ့ပြည်၌ အထွန်းတောက်ဆုံးနှင့် စိတ်ဝင်စားမှု အများဆုံး ရနေသည်ဟု ဆိုလျှင် မှားလိမ့်မည်မထင်ပါ။ လက်ရှိပင် အေအိုင်ကို Netflix ၊ ကားမောင်းအတတ် ၊  ဆေးပညာရပ် နှင့် တောက်တိုမယ်ရ ကအစ လူသားတို့သည် အသုံးချနေကြသည်။ ဘယ်လိုပင် ဖွံ့ဖြိုးမှု မြန်ဆန်နေပါစေ ကျင့်ဝတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေလည်း တစ်ပုံတစ်ပင် စဉ်းစားစရာ အဖြစ် ကျန်ရှိနေပါသည်။ တွေးစရာဟု ဆိုသော်အခါ ရိုးရှင်းသော နည်းပညာကဏ္ဌ တစ်ခုတည်းမဟုတ်ပဲ တာဝန်ယူ တာဝန်ခံမှု၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များနှင့် လူ့အခွင့်အရေးဆိုင်ရာ များ၌ အေအိုင်သည် အဘယ်မျှလောက် လူသားများအတွက် ယုံကြည်စိတ်ချရသော အခြေအနေ ဖြစ်နေရဲ့လား။ မှားယွင်းခဲ့သည် ရှိသော် မည်သူက တာဝန်ရှိသလဲ။ ဆိုတော့ လူသားများအတွက် သင့်တော်သော အခြေအနေ ဖြစ်ရန် မည်သို့သော ကျင့်ဝတ်ပိုင်းဆိုင်ရာများကို အသုံးပြုနိုင်မလဲ ဆိုသည့် အချက်များကို စဉ်းစားရန် လိုအပ်သည်။ 

လက်ရှိ၌ အေအိုင်သည် လူသားများ၏ တစ်နေ့တာ လုပ်ဆောင်ချက်များတွင် မရှိမဖြစ်တစ်ခုဖြစ်လို့နေပေသည်။ ဥပမာ လူသားများထက် ပိုမို တိကျသေချာရန်လိုအပ်သော ဆေးဖက်ဆိုင်ရာ ရောဂါရှာဖွေမှုနှင့် စီးပွားရေးဆိုင်ရာ ကိစ္စများတွင် ယခင်ကထက် ထုတ်လုပ်မှု မြင့်မားစေရန် ကူညီဆောင်ရွက်ပေးနိုင်သည်။ ကျောင်းသား/သူများ၏ နေ့စဉ် စာသင်ယူ လေ့လာမှုများ အတွက်လည်း များစွာ အထောက်အကူပြုနေသည်။ သို့သော် သတိပြုရမည့် အချက်မှာ ဤကဲ့သို့ ကူညီနိုင်မှုသည် သဘာဝအလျောက် ဖြစ်လာသည် မဟုတ်။ လူသားများ၏ သိမ်းထားသော (သို့) ရှိနှင့်သော ဒေတာအချက်အလက် ဆိုင်ရာများကိုသာ ပြန် အသုံးချ နေခြင်းဖြစ်သည်။ တနည်းအားဖြင့် အေအိုင်သည် ဉာဏ်ရည်မြင့်မားသော ဉာဏ်ရည်တု  ဖြစ်သည်။ သို့ပေမယ့် အေအိုင် ဉာဏ်ရည်ထက်မြတ်ရန်မှာ လူသားများက ဒေတာအချက်အလက်များကို ပေးရသည်။ သတိပြုရမည့် အချက်မှာ လူသားများသည် အသက်ရှင်ခဲ့သည့် ကာလတစ်လျှောက် ရိုးသား ဖြောင့်မတ်သူများသာ မဟုတ်သောကြောင့် လူသားများ၏ အချက်အလက်ကို မီခိုရသော အေအိုင်သည်ပင် မရိုးသားနိုင်ပါ။ တစ်ချို့သော သုတေသန များ၌ အေအိုင်သည် အသားအရောင် ခွဲခြားသော ဆုံးဖြတ်ချက်များနှင့် မမျှတသော ပုံစံများ ပြနေခြင်းကို ကြည့်ခြင်းအားဖြင့် အေအိုင်၏ စည်းစနစ်ဟု မြန်မာလိုခေါ်ရမည့် Algorithm ၌ ဖန်တီးသူလူသားများ မေ့လျော့နေခြင်း (သို့) တမင်သက်သက် ရည်ရွယ်ထားသော အရာများ ရှိနေပြီလား ဆိုတာကို ပြန်လည် သုံးသပ်သင့်ပါသည်။ 

အေအိုင်နှင့်ပတ်သက်၍ အဖွဲ့အစည်းများ၊ ပညာရှင်များ က ကျင့်ဝတ်ဘောင်လမ်းညွှန် များ ချမှတ်ထားသော အရာများလည်း ရှိသည်။ ထိုအရာများမှာ လူသားမျိုးနွယ်အပေါ် အသားအရောင် နှင့် လိင်စိတ်တိမ်းညွှတ်မှု အပေါ်မူတည်ပြီး ခွဲခြားမှုမရှိစေရန်၊ အေအိုင် ဖန်တီးသူများက တာဝန်ယူမှု တာဝန်ခံမှု ရှိစေရန်၊ အေအိုင်နှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိစေရန်၊ လူတစ်ဦးတစ်ယောက်ချင်းစီ၏ အချက်အလက်များကို ကောက်ယူခြင်းမျိုး မဖြစ်စေရန် နှင့် အေအိုင် အသုံးချ နယ်ပယ်(ဆေး၊ မောင်းသူမဲ့ယာဉ် ယန္တရား နှင့် စစ်လက်နက်ပစ္စည်း) များ၌ ဘေးကင်းမှုသေချာစေရန် တို့ဖြစ်သည်။ ဤကျင့်ဝတ်ဆိုင်ရာများသည် ရိုးရှင်းနိုင်သော်လည်း လက်တွေ့ကျင့်သုံးရာ၌ အခက်အခဲများ ရှိနေသည်။ ဥပမာအားဖြင့် ခွဲခြားမှုမရှိစေရန် တိုင်းတာသိမှု ၊ ကြိုးစားမှုများသည် လူမှုအဖွဲ့အစည်း ကိုယ်တိုင် မညီမျှမှုများ ရှိနေခိုက် သိနိုင်ရန် ခက်ခဲနိုင်သည်။   

ကျင့်ဝတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းရန် နှိုးဆော်မှုများ၌ ဦးဆောင်သူ ကဏ္ဍ၌ ပါဝင်သော အစိုးရ နှင့် စီးပွားရေးလုပ်ငန်းကြီးများ ကလည်း အရေးပါသည်။ ကမ္ဘာ့အစိုးရများသည် ယခုအခါ အေအိုင်ကို စတင်ပြီး အသိအမှတ် ပြုနေကြသလို၊ လိုအပ်သော စည်းမျဉ်းဥပဒေ များကိုလည်း ပြဠာန်း နေကြသည်။ မကြာမီကဆိုလျှင် အီးယူ ကိုယ်တိုင်မှ အေအိုင် ဥပဒေ ကို ပြဌာန်းကာ ကျင့်သုံးနေပြီဖြစ်သည်။ သို့သော် နိုင်ငံအများအပြား၌ အေအိုင်နှင့်ပတ်သက်သော ကျင့်ဝတ်ဥပဒေများ ပေါ်ထွက်လာခြင်းတော့ သိသိသာသာ မတွေ့နိုင်သေးချေ။ မည်သို့ပင် အစိုးရများ ဥပဒေ ပြဠာန်းသည်ဟုဆိုသော်လည်း လက်တစ်လုံးခြား အသုံးချနေသော စီးပွားရေးလုပ်ငန်းကြီးများကိုလည်း မျက်ခြေပျက်၍ မသင့်ပေ။ ဥပမာ ဆိုရသော် စီးပွားရေးလုပ်ငန်းများအတွက် ကြော်ငြာခ ရရှိနိုင်ရန်အလို့ငှာ ပုဂ္ဂိုလ် ရေးဆိုင်ရာ အချက်အလက်များကို အေအိုင် အကူအညီဖြင့် ရယူနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကျင့်ဝတ်တာဝန်ယူမှု၌ မည်သူမျှကိုမျှ မယုံကြည်ပဲ စောင့်ကြည့် စစ်ဆေးသင့်သည်များကို စစ်ဆေးကြပ်မတ်ရန် အစိုးရများမှစ၍ လိုအပ်သည်။

အစိုးရ နှင့် လုပ်ငန်းစုများ၏ တာဝန်ယူမှုများကို ပြောပြီးနောက် သတိထားရမည့် အခြေခံအချက်မှာ တစ်ဦးချင်း မိမိ၏ ကိုယ်ပိုင် ဒစ်ဂျစ်တယ်အခွင့်အရေးအတွက် သတိထား ပြုမူရမည်။ မိမိ၏ ဒစ်ဂျစ်တယ် အခွင့်အရေးများ ဆုံးရှုံးမှု အခြေအနေ ရှိ/မရှိ ကို ပုံမှန် သတိထားစောင့်ကြည့်သင့်သည်။ လက်ရှိ မြန်မာနိုင်ငံ အခြေအနေအရ ပိုမို၍ သတိထားသင့်သော အရာတစ်ခုဖြစ်သည်။ ဒစ်ဂျစ်တယ်နဲ့ ပတ်သတ်သော နေ့စဉ်လုပ်ဆောင်သင့်မှုများတွင် နှစ်ဆင့်ခံလုံခြုံရေး၊ ဝှက်စာစနစ်၊ စကားဝှက် စီမံခြင်း၊ ကိုယ်ရေးအချက်အလက်ကာကွယ်ခြင်း၊ မိမိအချက်အလက်များကို တစ်ပါးသူအား မမျှဝေခြင်း ကဲ့သို့ အကျင့်များကို ယခင်ကထက် ပိုမိုသတိထားလုပ်ဆောင်သင့်သည်။ 

အေအိုင်ခေတ်နဲ့ လျော်ညီစွာ ကြုံတွေ့နိုင်ရသော တချို့သောအခက်အခဲများလည်း ရှိလိမ့်မည်။ ဥပမာဆိုရသော် Deepfake ခေါ် မျက်နှာတူညီစွာ တုပပြုလုပ်ခြင်းမျိုးသည် ငွေကြေးလိမ်လည်ခြင်းများ၌ အသုံးချနိုင်သောကြောင့် အခက်အခဲ ကြုံရနိုင်သည်။ Deepfake နှင့် ပတ်သက်၍ သတိပြုသင့်သော အချက်မှာ မိမိနှင့် သက်ဆိုင်သော မိသားစုဝင် ဖြစ်လျှင်ပင် သတိမလွတ်ပဲ သေချာ စစ်ဆေးကာ အတည်ပြုသင့်သည်။ တခြား ကျင့်ဝတ်ပိုင်းဆိုင်ရာ အရ ပြုသင့်သော အကျင့်တစ်ခုမှာ သတင်း၊ ဓါတ်ပုံ တစ်ခုသည် ကိုယ်နှင့်ဆိုင်သော အရာမဟုတ်ပါက အခြားသူကို ပြန်လည် ဝေမျှခြင်းမျိုး မပြုလုပ်ရန် ရှောင်ရှားသင့်သည်။ အမေရိကန် အဆိုကျော် တေလာဆွစ်ဖ် ပင်လျှင် ပြန်လည်မျှဝေသော လူသားများ၏ အကျင့်စရိုက်များကြောင့် ပြီးခဲ့သော နှစ်များအတွင်း အင်တာနက်စာမျက်နှာများ၌ သူ့၏ မျက်နှာတုပ လုပ်ထားသော အကြောင်းအရာမှာ ပြောစရာ ဖြစ်ခဲ့သည်။ သတိထားရမည့်အချက်မှာ တုပဖန်တီးသူ တစ်ဦးပင်ရှိသော်လည်း ပြန်လည် မျှဝေသူ သန်းဂဏန်း ဆိုလျှင် မည်မျှလောက် များပြားလိမ့်မည်ကို တွေးနိုင်ပါသည်။ ထို့ကြောင့် မည်သူတစ်ဦးတစ်ယောက်မှ ဒုက္ခမကြုံတွေ့ခင် ဤအချက်ကို လိုက်နာသင့်ပါသည်။ 

အနာဂတ် အေအိုင် သည် သေချာသော အားကောင်းမှုနှင့် ပိုမိုသော လူသားတို့၏ နေ့စဉ်ဘဝများ၌ ခြယ်လှယ် ဆုံးဖြတ်နိုင်သော နေရာသို့ပင် ရောက်နိုင်သည်။ ဥပမာ မျိုးရိုးဗီဇ ပြောင်းလဲမှုဆိုင်ရာ၊ အထိန်းမဲ့ လက်နက်အသုံးပြုမှု နှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာများစသော နယ်ပယ်များတွင် ကျင့်ဝတ်နှင့်ပတ်သက်သော မေးခွန်းများ ရှိနေသည်။ အေအိုင်ကို လူသားများ၏ ဆေးဖက်ဆိုင်ရာ အသက်ကယ်ဆယ်ကုသမှုများ၌  တာဝန်ပေးအပ်သင့်သလား။ စစ်ဖက်ဆိုင်ရာများ၌လည်း အေအိုင်နှင့် ထိန်းချုပ်သော လက်နက်များ အသုံးပြုသင့်သလား ဆိုသည့် ကျင့်ဝတ်ဆိုင်ရာ အတွေးများလည်း ရှိပါသည်။ ဤကျင့်ဝတ်ပိုင်းဆိုင်ရာ မေးခွန်းများသည် အေအိုင်ကို အနာဂတ်၌ လူသားအကျိုး အထောက်အကူပေးသော အရာဖြစ်ရန် အလို့ငှာ ပိုရည်ရွယ်ပါသည်။

အချုပ်ဆိုရသော် အေအိုင်သည် အသုံးချပစ္စည်းသက်သက် မဟုတ်ပဲ လူသားများ၏ ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုး တစ်ခုဖြစ်ရန်လိုသည်။ အေအိုင်သည် ဟိုးတိုလီမုတ်စ မှအစ နိုင်ငံရေး ထိတိုင် အသုံးချခံနေရသည်။ ယခုလို ပြောကြ ငြင်းကြမှုတိုင်းသည် အေအိုင်ကို ရပ်တန့်ရန်အတွက် မဟုတ်ပဲ အထက်က ဖော်ပြခဲ့သည့် ကျင့်ဝတ်ဘောင် ဆိုင်ရာများကို လိုက်နာနိုင်ရန်ဖြစ်သည်။ သည်ထက်ပိုမို ဖော်ပြရလျှင် အေအိုင်သည် လူသားများ ဖန်တီးမှု ဖြစ်သည့်အားလျော်စွာ တစ်ဖန်ပြန် ကြောက်ရွံ့ရမည့် အရာ မဖြစ်နိုင်အောင် ပြုလုပ်ရမည့် တာဝန်ဝတ္တရားမှာ ဖန်တီးသူ၊ အစိုးရ၊ စီးပွားရေးလုပ်ငန်းကြီး မဟုတ်ပဲ လူသားအားလုံးပါဝင်သော အရာတစ်ခုဖြစ်သည်ကို သတိပြုရင်း လူသားများ ‌ရွေးချယ်ဆုံးဖြတ်ချက်များ မှန်ကန်နိုင်ကြပါစေ။

AI နှင့် ကျင့်ဝတ်

Leave a Reply

Your email address will not be published. Required fields are marked *

Scroll to top