လက်ရှိကိန်းဂဏန်းများအရ AI အသုံးပြုသူဟာ ၂ ဘီလီယံ နီးပါးသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ သုံးစွဲသူ တိုးလာသည်နှင့်အမျှ စွမ်းအင် ဆိုင်ရာ ကဏ္ဌကလည်း တိုး၍သာ လာဖို့ရှိပါသည်။ တစ်ဖက်တွင် ရင်ဆိုင်နေရသော အခြေအနေတစ်ခုမှာ သဘာဝပတ်ဝန်းကျင်ကို တစ်နည်းတစ်ဖုံ သက်ရောက်မှု များနေတာကလည်း လက်ရှိ AIဖွံ့ဖြိုးနေမှုကို ဝေဖန်သူတွေ များစေတာဖြစ်နေပါသည်။ အထူးသဖြင့် ရေချိုသုံးစွဲမှု၊ လျှပ်စစ်စွမ်းအင်အတွက် ကာဗွန်ထုတ်လွှတ်မှု ၌ AIဒေတာစင်တာများသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၏ အဓိကတစ်ခုသဖွယ် လက်ညိုးထိုးစရာ အကြောင်းအရာဖြစ်လို့နေသည်။ AIသည် လက်ရှိ ရာစုနှစ်အတွင်း လူသားများ၏ အတိုးတက်ဆုံးတစ်ခုဟု မြင်လျှင် မှားနိုင်မည်မထင်ပါ။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ စစ်ရေး များပါမကျန် အသုံးပြုနေသည်ကို တွေ့ရသည့်အလျောက်၊ AI သည် တိုးထွက်ရန် အကောင်းဆုံး လူသားအဖော် တစ်ခုလည်း ဖြစ်နေသည်။
ဥပမာ အားဖြင့် မီးပွိုင့်တစ်ခုတွင် မကြာခင် စိမ်းရာမှ နီ ခါနီး အချိန်တွင် ကားများက ဆီကုန်ခံပြီး မီးပွိုင့်နီခြင်းမှလွတ်နိုင်အောင် အရှိန်တင်လေ့ရှိခြင်းကို တွေးကြည့်ပါက လူသားများသည် မီးပွိုင့်နီ၌ ရပ်ပြီး အချိန်မကုန်ဆုံးလိုသော ကြောင့်ဖြစ်လိမ့်မည်။ လက်ရှိAIကို အသုံးချနေသော လူသားများလည်း ရှေ့ကို မြန်မြန်ရောက်ရန် AIကို အသုံးချခြင်းကို ကြည့်လျှင် စွမ်းအင် မည်မျှလိုအပ်နိုင်ကြောင်း မှန်းဆလို့ရနိုင်ပါသည်။ ဆိုရလျှင် AIသည် အိမ်စာ နှစ်ခုပေးသည်ဟု တွေးပါက တစ်ခုသည် အခွင့်အရေးအများအပြားရနိုင်ခြင်း နှင့် သဘာဝပတ်ဝန်းကျင် ကျင့်ဝတ်ဆိုင်ရာ ပြန်လည်သုံးသပ်ရမည် အချက် ဖြစ်လိမ့်မည်။ AIသည် လူသားများ ရင်ဆိုင်နေရသည့် သဘာဝပတ်ဝန်းကျင် အခက်အခဲကို ကူညီနိုင်မည်လား။ သို့တည်းမဟုတ် လူသားများဆက်လက် ရှင်သန်ရပ်တည်ရေးကို AIသည် အဟန့်အတား ဖြစ်နေသလား ဆိုတာကို အဖြေရှာရမည် ဖြစ်ပါသည်။
တကယ်တော့ AIကို လက်ရှိ လူသားအကျိုးပြု ကိစ္စများ၌ အသုံးပြုနေသည်ကို လေ့လာသိရှိနိုင်သည်။ ဥပမာ ရာသီဥတု မှန်းဆခြင်း များ၌ ယခင်က ရှိနှင့်သော ဥတုဆိုင်ရာဂြိုဟ်တု အချက်အလက် များ၊ ဥတုဆိုင်ရာ အာရုံခံ ကိရိယာများမှ ရရှိသည့် အချက်အလက်များနှင့် အတိတ်၌ ရှိခဲ့ဖူးသော ရာသီဥတု မှတ်တမ်းများကို အသုံးပြု၍ ဖြစ်လာနိုင်မည့် အခြေအနေများကို စစ်ထုတ်ကာ လူသားအကျိုးပြု အတွက် အသုံးချနေနိုင်သည်။ အကူအညီ ရနိုင်သော ၊ ရခဲ့ဖူးသော အကြောင်းများတွင် ရေကြီးမှု ကြိုတင်ပြင်ဆင်ခြင်း၊ မုန်တိုင်းကြိုတင် သတိပေးခြင်း မျိုးများတွင် ယခင် AI အသုံးမချခင်ထက်စာလျှင် ယခုအခါ လူသားများ၏ အိုးအိမ် နှင့် အသက် များကို ပိုကာကွယ်ပေးနိုင်ကြောင်းကို သတင်းများ၊ ဆောင်းပါးများ နှင့် သုတေသန စာတမ်းများတွင် ဖော်ပြသောအရာများ၌ ဖတ်ရှုမြင်တွေ့နိုင်သည်။ သည့်အပြင် AIကို လည်ပတ်ရာ၌ အထောက်အကူပြုနေသာ စွမ်းအင်များကို ပြန်လည်အသုံးချနိုင်သော စွမ်းအင်အဖြစ် ကြိုးပမ်းမှုတွေလည်း ရှိနေသည်။ များမကြာမီက ဆိုလျှင် Google မှ လက်ရှိ အသုံးပြုနေသော စွမ်းအင်ကို ၄၀% ရာခိုင်နှုန်းတိုင်အောင် လျှော့ချပေးနိုင်မည့် အစီအစဉ်များလည်း ရှိနေကြောင်းတွေ့ရသည်။
တစ်ခု သတိပြုရမည့်အချက်မှာ စီးပွားရေး လုပ်ငန်းစုကြီးများ၏ ဒေသပတ်ဝန်းကျင်အပေါ် ခဝါချမှုအကြောင်းကို အဓိက မီးမောင်းထိုးပြမှုတွေကို ဥပမာပေးညွှန်းရမည်ဆိုလျှင် Erin Brockovich (2000) ဖြစ်ရပ်မှန် အခြေခံဇာတ်ကားကို ကြည့်မိပါက ဒေသခံ လူထုအပေါ် ဘယ်လိုလက်တစ်လုံးခြား အမြတ်ထွက်အောင် လုပ်နေသလဲ ဆိုတာကို မြင်နိုင်ပါသည်။ တကယ်လည်း လက်ရှိ အခြေအနေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေ ပြောပြချက်အရ AIကို ပေးသုံးစွဲသည့် ရေပမာဏသည် လူသားဦးရေ များစွာ သုံးစွဲနိုင်သည့် ရေပမာဏ ထက်ကို လွန်စွာ ပိုနေကြောင်း ဖော်ပြနေသည်။ လက်ရှိ AI ဒေတာစင်တာများရှိရာ ဒေသများတွင် ရေအရင်းအမြစ်အတွက် စီးပွားရေးလုပ်ငန်းများနှင့်အပြိုင် ဒေသခံလူများက မညီမျှစွာ ပြိုင်ဆိုင်နေရသည်။ AIသည် ရေအပြင်ကိုမှ လျှပ်စစ်စွန့်ပစ် ပစ္စည်းအမြောက်အမြား နှင့် ၂၄ နာရီ လည်ပတ်နေရသည့် စက်ပစ္စည်းများမှ အပူထုတ်လွှတ်မှုများလည်း တိုး၍လာနေသည်။ ဥပမာ AI အတွက် ဦးနှောက်လို့ ခေါ်ရမည့် လျှပ်ကူးပစ္စည်းအမြောက်အမြား သည် လက်ရှိ AIထက် ပိုမိုကောင်းမွန်စေလိုသော အခါများ၌ ပို၍ အသုံးပြုရသော လိုအပ်ချက်ရှိနေသည့် အပြင် ယခုအခါ ၎င်းတို့ကို စွန့်ပစ်ရာမှ ပြန်လည် သုံးစွဲမည့် အခြေအနေသို့ ရောက်နိုင်အောင် ကြိုးပမ်းမှုတွေမှာလည်း လိုအပ်ချက်များ ရှိနေသည်ကို ဖော်ပြနေပါသည်။ ဤကဲ့သို့ အကြောင်းအရာများကို ထောက်လျက် ပညာရှင်များက မလိုအပ်ပဲ AIကို မေးခွန်းများ မမေးရန် တောင်းဆိုအကြံပြုမှုများလည်း ရှိသည်။ လူတစ်ဦးချင်းမှာတော့ မသိသာနိုင်ပေမယ့် တကမ္ဘာလုံးအတိုင်းအတာဖြင့် ဆိုရင်တော့ နည်းလှသည့် ပမာဏ ဟု မဆိုနိုင်ပါ။
လက်ရှိ ရင်ဆိုင်ဖြေရှင်းရမည့် AI နှင့် သဘာဝပတ်ဝန်းကျင် အခက်အခဲသည် နည်းပညာ နှင့် စီးပွားရေး အကျိုးအမြတ် တစ်ခုတည်းမဟုတ်ပဲ လူသားများ၏ ကျင့်ဝတ် ဆိုင်ရာများအပေါ် ပြန်လည် သုံးသပ်ကာ ကျော်လွှားရမည့် အရာတစ်ခုအဖြစ် ဖြေရှင်းသင့်သည်။ ဥပမာ AIသည် ရင်ဆိုင်နေရသော အခြေခံလူထုအပေါ် မည်မျှအတိုင်းအတာ အကျိုး၊ အပြစ် သက်ရောက်နိုင်လဲ။ AIတွင် အသုံးပြုသော ဒေတာများသည် တရားမျှတစွာ ကောက်ယူထားသော အရာများမှ ပြန်လည်အသုံးချသလား။ ကာဗွန်ထုတ်လွှတ်မှုများကြောင့် ဖြစ်ပေါ်လာသော သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွင် အခြေခံလူသားအပေါ် များစွာ ထိခိုက်နိုင်မှုကို အလေးပေး ဂရုစိုက်နေသလား။ ဆိုတာတွေကို စဉ်းစာမိပါက တရားမျှတမှု နှင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှု ရှိရဲ့လားဆိုတာတွေကို စဉ်းစားချင့်ချိန် သုံးသပ်ရမည် ဖြစ်ပါသည်။
အနာဂတ် AIကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းသော အရာအဖြစ် ပြုလုပ်ရန် ပညာရှင်များ အဆိုပြုထားသော အချက် လေးချက်ကို ဖော်ပြရလျှင် –
( ၁ ) ကာဗွန် ဇီးရိုး AI
( ၂ ) သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို စံထားသော နည်းဥပဒေများ ပေါ်ပေါက်ရေး၊
( ၃ ) အစိုးရ၊ စီးပွားရေး လုပ်ငန်းများ၊ ဒေသခံ အဖွဲ့အစည်းများ ကြား ပူးပေါင်းဆောင်ရွက်နိုင်ရန် အကျိုးအမြတ်ကို အဓိက မထားသော လုပ်ဆောင်ချက်များ ဖြစ်ရန် နှင့်
( ၄ ) လူထုထံသို့ AIနှင့်ပတ်သက်သော အကျိုး အပြစ်ကို ရင်ဆိုင်သိနိုင်ရန်အတွက် ပညာပေး ကဏ္ဍ မြှင့်တင်ရန် တို့ ဖြစ်သည်။
ဤအချက်လေးချက်သည် အနာဂတ်၌ လူသားကမ္ဘာအတွက် မျှော်မှန်းထားသော အရာများဖြစ်သည့် အားလျော်စွာ အကောင်အထည်ဖော်ရန်လည်း ကြိုးပမ်းရမည် ဖြစ်သည်။
အချုပ်ဆိုရရင်တော့ ယခုအခါသည် AI နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း သည် လူသားများ တိုးတက်ရန် နှင့် အခြေခံရှင်သန်ရန် လိုအပ်သော အကြောင်းဖြစ်သည်ကိုတော့ ငြင်း၍ ရနိုင်မည် မထင်ပါ။ တစ်ဖက်တွင်လည်း AI ကို ရာသီဥတုဆိုင်ရာ ဖြေရှင်းခြင်း၊ ပိုသင့်တင့်မျှတသော အကျိုးတိုးရန် နှင့် သဘာဝဂေဟစနစ်တစ်လုံးကို ကာကွယ်နိုင်သော အလားအလာ တစ်ခုအဖြစ် ရှိရန်လိုအပ်ပါသည်။ AI၏ တိုး၍လာနေသော စွမ်းအင်စားသုံးမှု၊ စွန့်ပစ်ပစ္စည်းတိုးလာမှု၊ ဒေသခံလူထု နှင့် ပတ်ဝန်းကျင် အပေါ် မျှတအောင် ကြိုးစားရမည့် ကိစ္စတွင် နိုင်ငံအစိုးရများ၏ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်မှု၊ စီးပွားရေး လုပ်ငန်းကြီးများ၏ တာဝန်ယူမှု သိသာထင်ရှားရေး၊ သည့်အပြင် လူသား တစ်ဦးတစ်ယောက်ချင်းစီ၏ မိခင်ဂြိုဟ်ပေါ် သိတတ်စောင့်ထိန်းမှု အသိတရား တိုးမြှင့်ရေး စသည့် အကြောင်းအရာများကို သေချာစွာ စီမံနိုင်ပါက လူသားများအကျိုးအတွက် များစွာ အထောက်အကူ ပြုနိုင်မည့် AIသည် လူသားမျိုးနွယ်အတွက် ဘေးတစ်ခုအနေဖြင့် မရှုနိုင်တော့ပဲ ပိုမိုမျှတ ကျန်းမာသော ကမ္ဘာကြီးကို ထိန်းသိမ်းကာကွယ်နိုင်မှာ ဖြစ်ပါသည်။
