ကျွန်တော်တို့ လူသားတွေ လက်ရှိမှာ AI ကို တစ်နေ့တစ်ခြား အသုံးပြုမှုများလာသည်နှင့်အမျှ မိမိတို့၏ တစ်နေ့တာ လုပ်ငန်းစဉ်တွေမှာ မရှိမဖြစ်သော ကိရိယာတစ်ခုဖြစ်လာပါသည်။ ကျွန်ုပ်တို့၏ လူမှုစီးပွားရေးတွေ၊ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ နေရာယူလာတာတွေကလည်း တစ်နေ့ထက်တစ်နေ့ တိုးလို့သာလာနေပါသည်။ သို့သော် ကျွန်ုပ်တို့ သိထားနေလျက်နဲ့ မျက်ကွယ်ပြုမိသည့်အရာတစ်ခုမှာ AI သည် ယခုလို တိုးတက်ရန် ဒေတာအချက်အလက် အမြောက်အများ လက်ခံရရှိနေခြင်းကြောင့် ဆိုသည့် အကြောင်းအရာကို နှစ်ကြာလာသည်နှင့်အမျှ မေ့လျော့နေခြင်းက ကျွန်ုပ်တို့ကို တစ်ဖန် လုံခြုံရေး စိုးရိမ်စရာ အဖြစ် ရောက်ရှိစေပါသည်။ ဤသည်တွင် ရှင်းလင်းစေချင်သည့်အချက်မှာ ယခုလက်ရှိ AI သည် စိတ်ကူးယဉ် သိပ္ပံဇာတ်ကားတွေထဲကကဲ့သို့ မဟုတ်သေးသည့်အခြေအနေကို နားလည်ထားရပါဦးမည်။ အဓိက က ကျွန်ုပ်တို့ လူသားတွေသည် မိမိ၏ ဒေတာအချက်အလက်များကို ဂရုမပြုခြင်းသည်သာ ပဓာန အကြောင်းရင်းခံ ဖြစ်နေပါသည်။ သည့်ပြင် ကျွန်ုပ်တို့၏ နိုင်ငံတွင်းရှိ အချက်အလက်ဆိုင်ရာများကို လက်ရှိ စစ်အစိုးရ၏ AI အသုံးချ စောင့်ကြည့်ခံရမှုများ ကလည်း နိုင်ငံသားများအတွက် အန္တရာယ်တစ်ခုအဖြစ် ရှိနေပါသည်။

AI ကို သာမာန် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အကူ အနေဖြင့် ဆိုက်ဘာတိုက်ခိုက်မှုများ၊ လိမ်လည်လှည့်ဖြားသည့် အီးမေးလ် များနှင့် အကောင့်တု ဆိုင်ရာများ နှင့် တကိုယ်ရည် လုံခြုံရေးဝှက်စာများ စီမံခြင်းများ၌ ရှာဖွေဖော်ထုတ် ကူညီစေခြင်းများ အပြင် နိုင်ငံတစ်ချို့ရှိ အစိုးရများကလည်း ရာဇဝတ်မှုဆိုင်ရာထောက်လှမ်းခြင်း နှင့် သဘာဝ ‌ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်အသိပေးခြင်းများ၌ များစွာ အသုံးချနေကြပါသည်။ သို့သော် မြန်မာနိုင်ငံတွင်တော့ AI သည် လူတစ်စု ကောင်းစားရေးအတွက်သာ အစိုးရဟု ခံယူသောသူများက အသုံးချနေခြင်းက ကျန်ရှိသော အရပ်သားပြည်သူများအတွက် အင်မတန် စိုးရိမ်စရာ အချက်ဖြစ်နေပါသည်။ 

လက်ရှိမြန်မာနိုင်ငံ၌ ဖြစ်ပေါ် ကြုံနေရသော အချက်များတွင် သတင်းတု၊ သတင်းမှားများကို AI အသုံးချ အကြောင်းအရာများနှင့် ရောထွေးကာ လူထုထံသို့ ဖြန့်ဝေခြင်းများကို ဒစ်ဂျစ်တယ်ပလက်ဖောင်းများ၌ များစွာ နေ့စဉ် တွေ့မြင်နေရပါသည်။ ဒစ်ဂျစ်တယ် အခြေခံသိမှုဆိုင်ရာ များ၌လည်း ကျွန်ုပ်တို့သည် နိုင်ငံအနေအထားအရ များစွာ နောက်ကောက်ကျ ကျန်ခဲ့သည့် အခြေအနေကလည်း သတင်းတု၊ သတင်းမှားများ ဖြန့်ဝေရာ၌ လျင်မြန်စွာ ပြန့်နှံနိုင်ရာတွင် အကြောင်းအရာတစ်ခု အဖြစ် နားလည်နိုင်ပါသည်။ စစ်ကောင်စီ ကိုယ်တိုင် နိုင်ငံသားများ၏ ဒေတာအချက်အလက်ဆိုင်ရာ များကို ၎င်းတို့၏ CCTV စောင့်ကြည့်ကင်မရာများမှတစ်ဆင့် စောင့်ကြည့်ဖမ်းဆီး အရေးယူမှုများတွင် တရုတ် နှင့် ရုရှား များမှ AI အထောက်အကူပြုဆိုင်ရာ ဆော့ဖ်ဝဲလ်ပရိုဂရမ်များ ဖြင့် အသုံးပြုနေသော အကြောင်းအရာ သတင်းများ စောင့်ကြည့်ဖတ်ရှုပါက ယခင်ကထက် လူထုအပေါ်များစွာ စောင့်ကြည့်ဖိနှိပ်ရန် မြန်မာနိုင်ငံသားများ ကြုံတွေ့နေရခြင်းက နေ့စဉ်နဲ့အမျှ ရတတ်မအေးနိုင် ဖြစ်စေပါသည်။ 

သည့်အပြင် စစ်ကောင်စီ သည် ၎င်းတို့ အကျိုးအမြတ်ဖြစ်ထွန်းရေးဆိုင်ရာများ ဖြစ်ပေါ်စေရန် အလို့ငှာ နိုင်ငံသားများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှု အခွင့်အရေးများပိတ်ပင်မှုများကလည်း လူ့အခွင့်အရေးဆိုင်ရာ  ဆုတ်ယုတ်မှုအဖြစ် ဤ အာဏာသိမ်း ကာလ လေးနှစ်အတွင်း ကျွန်ုပ်တို့ ကြုံတွေ့နေရသည်။ AI သည် လူသားများကဲ့သို့ ခံစားသိမြင်မှုဆိုင်ရာ မရှိနိုင်သေးသည့် အလျောက် ၎င်းကို စေခိုင်းလိုသည့်လူ၏ သဘောကိုသာ ဆောင်ရွက်ခြင်းက တစ်ချို့သော အကျိုးဖြစ်ထွန်းမှုများ၌ တစ်ဖက်သတ် ဘက်လိုက်မှုကို ဖြစ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် AI တစ်ခုကောင်းကောင်းအလုပ်လုပ်နိုင်ရန် လျှပ်ကူးပစ္စည်းများအား စစ်ကောင်စီ အမြောက်အမြားကုန်ကျခံနိုင်သော အခြေအနေရှိနေခြင်းကလည်း ယခုလို နိုင်ငံကို ပြည်သူ့ရွေးကောက်ခံအစိုးရ ကအုပ်ချုပ်နေခြင်း မဖြစ်နေသေးသောအချိန်၌ ပို၍ မမျှတမှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။  

ဤကဲ့သို့ စစ်ကောင်စီ အနေဖြင့် လုပ်ကိုင်နိုင်ခြင်းမှာလည်း ကျွန်ုပ်တို့ သင်တို့၏ ဒေတာအချက်အလက်များသည် သူတို့၌ လက်ဝယ်ခံရှိနေခြင်းကြောင့် ဆိုသည်မှာ ကျွန်ုပ်တို့ သိထားရမည့် အချက်ဖြစ်ပါသည်။ ဥပမာ – များမကြာမီကဆိုလျှင် ဖုန်းအော်ပရေတာ များပင် ကျားဖြန့်ကဲ့သို့သော အကြောင်းအရာများကို ဖုန်းများကတစ်ဆင့် ပေးပို့ခြင်းကို ကြုံတွေ့ရသူများ ရှိနေကြပြီဖြစ်သည်။ ကျားဖြန့်ဟု ဆိုလိုက်လျှင် မည်သူမဆို ယခုအချိန်အခါဝယ် မြန်မာနယ်စပ်များရှိ စက်ရုံသဖွယ်လုပ်ကိုင်နေသော သူများ၏ သတင်းများကို ပြေးမြင် ကြပါလိမ့်မည်။ ထိုလုပ်ငန်းများပင် ယခု အခါ၌ AI များကို ယခင်က လူ့အသံများနှင့် ထပ်တူမကျသော အချိန်များကထက် ယှဉ်ကြည့်ပါက ယခု အသုံးချနေမှုများသည် ပို၍ လူသားဆန်လာသော အသံများနှင် သဘောတရားများကို သတင်းများတွင် တစ်ချို့သော AI နှင့် သိပ်မရင်းနှီးသော လူကြီး နှင့် လူငယ်များပင် ၎င်းထောင်ချောက်ထဲသို့ ရောက်သည့် အကြောင်းအရာများ တွေ့နေမြင်နေရသည်ကို ရှုခြင်းဖြင့် ကျွန်ုပ်တို့ သတိမထားမိပါက မည်မျှလောက် အန္တရာယ်ကြီးနိုင်ကြောင်းကို သတိထားရပေလိမ့်မည်။ 

အထက်ပါကဲ့သို့သော သတိထားရမည့်အကြောင်းအရာများကို အဘယ်သို့ ဘေးကင်းအောင် ဆောင်ရွက်နိုင်မလဲ ဆိုရင် ဒစ်ဂျစ်တယ်အသိပညာများကို လေ့လာရုံတင်မက အဆက်ပြတ်မသွားအောင် လုပ်ရပါမည်။ ထို့ပြင် တစ်ခြားသော လုံခြုံရေး အကျင့်များ ထပ်မံဖော်ပြရလျှင် မိမိ၏ ဒေတာအချက်အလက်များ သိမ်းဆည်းရာ အကောင့်များနှင့် စက်ပစ္စည်းများကို ခိုင်မာအားကောင်းသောစကားဝှက်များနှင့်၊ နှစ်ဆင့်ခံလုံခြုံရေး များဖြင့် ထားရှိခြင်းတို့ဖြစ်ပါသည်။ ဤကဲ့သို့သော အခြေခံများကို မလုပ်ထားပါက မည်သို့မျှလုံခြုံသည်ဟု မှတ်ယူ၍ မရချေ။ ဤကဲ့သို့သော အခြေခံဒစ်ဂျစ်တယ်လုံခြုံရေး အကြောင်းအရာများကို မိမိအနေဖြင့် လက်ရှိစာကို ဖတ်ပြီး လိုအပ်နေသေးသည်ဟုထင်ပါက မိမိအနေဖြင့် AI များမှတစ်ဆင့် လေ့လာသင်ယူလို့ရနိုင်သလို၊ ဒစ်ဂျစ်တယ်အသိပညာများ မျှဝေသော Digixile ကဲ့သို့သော အဖွဲ့အစည်းများရှိသည်ကို သတိရနိုင်ပါသည်။ ထို့ကြောင့် အချုပ်ဆိုရသော် AI သည် လက်ရှိမှာ ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့်အသုံးပြုပါက ပိုမိုကောင်းမွန်မည်ဖြစ်သလို၊ ဆန့်ကျင်ဖက်လားရာ အနေဖြင့်လည်း များစွာ ဆိုးယုတ်နိုင်ကြောင်းကို ဖော်ပြလိုက်ပါသည်။

အေအိုင် နှင့် မြန်မာလုံခြုံရေး

Leave a Reply

Your email address will not be published. Required fields are marked *

Scroll to top