“ပလူတိုဂြိုဟ်ကို ယနေ့မှစ၍ ဂြိုဟ်သိမ် တစ်ခုအဖြစ်သာ သတ်မှတ်လိုက်သည်….တီ…တီ…တီ” ဖုန်းနာရီနှိုးစက်သံကို ကိုညို တစ်ယောက် ကောက်ပိတ်လိုက်ပြီးနောက် ချက်ချင်းထတွေးမိသည်။  “ငါဘာဖြစ်လို့ ပလူတိုဂြိုဟ်အကြောင်းကို အိပ်မက်ထဲမှာမက်ရတာလဲ” ဟု ကိုညို တွေး၏။  ဒါနဲ့ ကိုညိုသည် မနက်အိပ်ရာ နှိုးတိုင်း သူ၏ ကွန်ပျူတာဖြင့် အလုပ်အီးမေးလ်များ စစ်လေ့ရှိရာ သူ မနေ့ညကမအိပ်မီ မတော်တဆ ပလူတို အကြောင်းဆောင်းပါးတစ်ခု ရှာမိထားရာမှ ဖတ်ရင်း အိပ်ပျော်သွားကြောင်းကို ယခု သူ၏ ကွန်ပျူတာအား ဖွင့်ရာတွင် သတိထားမိ၏။ ဒီအချိန်မှ သူ ပလူတို အကြောင်း ပြန်တွေးမိသည်။ 

“သြော် ‘ပလူတိုဂြိုဟ်လေး’ လူတွေက သူ့ကို ဆယ်စုနှစ်ပေါင်းများစွာ ဂြိုဟ်တစ်လုံးအနေနဲ့ ဂြိုဟ်ရာသွင်းပြီးမှ ဖြစ်ရလေ” ဆိုပြီးတော့ အတွေး၌ ဂရုဏာ သက်မိသွားသည်။ ကိုညိုသည် သူ၏ မနက်လုပ်ငန်းဆောင်ရာများကို အလုပ်မသွားခင်ဆက်ကြား လုပ်လေ့ရှိရာ ယခုလည်း ကိုယ်လက်သန့်ရှင်းရေးစသည့် တစ်ကိုယ်ရည်တစ်ကိုယ်ရများနှင့် အိပ်ယာခင်းများကို သိမ်းပြီးနောက် မနက်စာ စားရန် လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်သို့ ရုံးသို့ သယ်သွားလေ့ရှိသည့်အိတ်များဖြင့် ဦးတည်ထွက်လာခဲ့၏။

လက်ဖက်ရည်ဆိုင်မှာ ရုံးတွင်းမိတ်ဆွေဖြစ်သော ကိုစော လည်း ရောက်နှင့်နေသည်ကို တွေ့ရသည်။ ကိုစောနှင့် ကိုညိုသည် အလုပ်မသွားမီ လက်ဖက်ရည်ဆိုင်မှာ ရုံးဖယ်ရီကား အလာစောင့်ကာ မနက်စာ စား၍ ရုံးသို့ သွားလေ့ရှိသည်။ သို့သော် ကိုစောသည် တစ်ခါတစ်ရံ အိပ်ယာထနောက်ကျပါက တက်စီ ဖြင့် နောက်မှ ရုံးသို့  လာလေ့ရှိသည်။ သူတို့ နှစ်ဦး တွေ့ပါက အလုပ်အကြောင်းနှင့် တခြားထွေရာလေးပါး စကားစမြည်ပြောလေ့ရှိ၏။ ယခုလည်း ကိုစောက သူ မနေ့က ကြည့်ခဲ့သည့် ရုပ်ရှင်အကြောင်း ပြန်ပြောနေသည်။

“ကိုညို ခင်ဗျား စနိုးဒင် ကြားဖူးတယ်မလား” 

“ဘယ်သူ စနိုဒင် ဟုတ်လား ကိုညို။ ကြားဖူးပါတယ်၊ စီအိုင်အေ စပိုင်မလား”

“အေး ကျွန်တော် မနေ့ညကဗျာ သူ့အကြောင်းရိုက်ထားတဲ့ ကား အိပ်ယာဝင်ခါနီးမှ ကြည့်လိုက်တာ ဒီမနက် မနည်း ထလိုက်ရတယ်။ ခင်ဗျား အဲ့ကား မကြည့်ရသေးရင် ကြည့်သင့်တယ်နော်” 

“အင်း ကြည့်တော့ မကြည့်ဖူးသေးဘူး။ ကျွန်တော်အားတဲ့အချိန် ကြည့်ကြည့်လိုက်ပါ့မယ်” 

ကိုစောသည် ရုံးတွင်းတွင် တိုမာတို ဟု နာမည်ပြောင် ခေါ်ရလောက်သည့် ရုပ်ရှင်ကြည့်သမားဖြစ်သည်။ သူကြည့်ရန်တိုက်တွန်းပါက ၎င်းရုပ်ရှင်သည် လုံးလုံးမကောင်းနိုင်သည့်တိုင် ကြည့်သင့်သည်ဟု ရုံးသမားများက ယူဆရသူ ဖြစ်သည်။ သူပြောပြသည့် ကားတိုင်းကို ကိုညိုလည်း အလေးထားကြည့်ဖြစ်လေ့ရှိ၏။

“ဒါနဲ့ ကိုစော ကားခေါင်းစဉ်အမည်က”

“Snowden တဲ့၊ ၂၀၁၆ က ထွက်ထားတာဗျ ကိုညို” 

“အိုကေပါ” 

“ကိုယ့်လူ ကားလာပြီ”

************************

ကိုညို နှင့် ကိုစော တို့ ရုံးသို့ ရောက်ကြပြီး သူတို့၏ တစ်နေ့တာ ရုံးတွင်းလုပ်ငန်းဆောင်တာများကို ကိုယ်စီ လုပ်ဆောင်ကြသည်။ ဒီလိုဖြင့် နေ့လည် ထမင်းစားနားချိန် ရောက်ခါနီးတော့ ကိုညို တစ်ယောက် ရုံးအင်တာနက်ဝိုင်ဖိုင်ရခိုက် ဒီမနက် ကိုစော ပြောသည့် ရုပ်ရှင် ဒေါင်းလုပ် လုပ်ထားခဲ့ပြီး အပြင်သို့ ကိုစော နှင့် တခြားရုံးလုပ်ဖော်ဆောင်ဖက်များဖြင့် နေ့လည်စာ ထွက်စားကြသည်။ သူတို့နှင့်အတူ ထွက်စားသည့် အဖွဲ့ထဲတွင် အိုင်တီကိုရဲ တစ်ယောက်လည်း အပါအဝင်ဖြစ်သည်။ အိုင်တီ ကိုရဲသည် ရုံး၌ အိုင်တီမန်နေဂျာ ဖြစ်သည့်အားလျော်စွာ ရုံးတွင်းရှိ လူများက ကွန်ပျူတာ ဆော့ဖ်ဝဲလ် အပ်ဒိတ်များနှင့် တခြား ဖုန်းပစ္စည်းစသော ဒစ်ဂျစ်တယ်များနဲ့ ပတ်သက်ပြီး အားကိုးရသော သူဖြစ်၏။ ထို့ပြင် ရုံးရှိလူများ နည်းပညာနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်သော ဒစ်ဂျစ်တယ်လုံခြုံရေး ခေါင်းစဉ်ထရိန်နင် ကဲ့သို့သော ဝန်ထမ်းများ တစ်ကိုယ်ရည် စွမ်းရည် မြှင့်တင်ရန်အတွက် တစ်လကို နှစ်ကြိမ် (သို့) သုံးကြိမ် ၊ ရံဖန်ရံခါ သင်ထောက်ကူများဖြင့် သင်ပေး ပြပေးသော ရုံးတွင်းဆရာ တစ်ယောက်လည်း ဖြစ်ပေသည်။ သူ လူတွေကို အမြဲ ရုံးတွင်းတွင် မှာနေကျ စကားကတော့ “ ကိုယ့်လုံခြုံရေးကို ကိုယ်မှလွဲပြီးမည်သူမျှ ဂရုပြုမည် မဟုတ် “ ဖြစ်သည်။ ပြီးတော့ ကိုရဲသည် ရုပ်ရှင်ကြည့်ရာ၌ တူညီသည့်အရာကတော့ ကိုစောနှင့် ရုံးတွင်း၌ အတွဲအစပ်မိကြခြင်း ဖြစ်သည်။ ၎င်းတို့ နှစ်ယောက် ရုပ်ရှင်အကြောင်းပြောကြပါက ကျန်သူတွေမှာ နားစွင့် ထားရစမြဲပင်။ 

သည်လိုဖြင့် ကိုစောတစ်ယောက် မနေ့က သူကြည့်သည့် ရုပ်ရှင်ကို ရုံးသမားတွေ နေ့လည်စာ စားနေကျ ရုံးနားက လက်ဖက်ရည်ဆိုင်၌ စားပြီးချိန် အချိန်မိနစ်အနည်းငယ် ရနေခိုက် ဖောက်သည်ချသည်။ ကိုရဲ လည်း ကိုစောပြောသမျှကို ထောက်ခံဆွေးနွေးနေသည်။ ကိုညို အပါ ကျန်သူများကတော့ သူတို့နှစ်ယောက်၏ ပရိသတ်အလား ခေါင်းတငြိမ့်ငြိမ့်ဖြင့်သာ နားထောင်နေကြရ၏။

“ဟုတ်တယ် ကိုစော ဒီ စနိုးဒင်သာ မဖွင့်ချရင် ကျွန်တော်တို့ ဒီနေ့ ဒီအချိန်အထိ တစ်ချို့ ဒစ်ဂျစ်တယ်အလေ့အကျင့်တွေကို သိကြဦးမှာ မဟုတ်ဘူးဗျ။ ဥပမာ ကွန်ပျူတာက ကင်မရာတွေကို တိပ်နဲ့ ပိတ်တဲ့ အလေ့အကျင့်တွေပေ့ါ။ ဒါနဲ့ ကိုစော Ready Player One ကော သိလား။ ဒီကားကို ထွက်တုန်းက ဂိမ်းမာ တွေ ကြည့်ဖြစ်ရင် ဂိမ်းဆော့ရင်း သူဌေးဖြစ်တဲ့ အိပ်မက် မက်ရင် မက်ကြမှာ။ ကိုစော သိတယ်မလား ဒီကားကို”

ကိုညိုကတော့ သူ့ကွန်ပျူတာကတော့ စက်ရုံထုတ်ကတည်းက ကင်မရာ အပိတ်အဖွင့် လိုက်ကာ ပါကြောင်း ပြောလိုက်သေး၏။

 “ကျွန်တော့်စက်ကတော့ အော်ရီဂျင်နယ် ကင်မရာ ပိတ်ဖွင့် ပါတယ်ဗျ”

အတန်ကြာနေပြီးမှ ကိုစော လည်း ကိုရဲ စကားကို ပြန်ဆက်၏။

”ဟုတ် ကိုရဲ ကျွန်တော် ကြည့်ပြီးတာတော့ ကြာပါပြီ။ အဲ့မှာကောင်လေးတစ်ယောက်လေ…… နာမည်တော့ မမှတ်မိတော့ဘူး။ သူတို့အဖွဲ့ထဲမှာ အငယ်ဆုံးဗျ ဂျပန်ကောင်လေးလားတော့ မသိဘူး။ ဒီ့မတိုင်ခင် သူ့တို့အချင်းချင်း အပြင်မှာ ဆုံဖူးတာမဟုတ်တော့ ရွယ်တူလို့ထင်ကြတာ၊ တကယ်လည်း ဆုံတော့ ငယ်နေတာလေ။ ပြီးတော့သူက ဂိမ်းထဲမှာ ကြမ်းတော့ ဒီလောက်ငယ်မယ်လို့ ကျန်လူတွေက ဘယ်ထင်ကြမလဲ” 

တကယ်‌တော့ Ready Player One မှာ မြန်မာ-ဂျပန် ကပြား အဝင်း က ကလေးသရုပ်ဆောင် အဖြစ် ပါတဲ့ Delto ကာရိုက်တာကို ကိုစောက ပြောချင်ပေမယ့် သူ မမှတ်မိခဲ့ဟန်တူပါသည်။ 

“ဟုတ်တယ် ငယ်တော့ ဘယ်ထင်မလဲနော်။ ဆိုတော့ ကျွန်တော်တို့ စားပြီးသွားကြပြီဆိုတော့ ကိုယ့်ဌာနေကို ပြန်ခေါက်ကြတော့မလား” ဟု ကိုရဲမှ စကားအမေးဖြင့် အဆုံးသတ်ပြီးနောက် အားလုံး ရုံးသို့ ထ ပြန်ကြသည်။ ရုံးသို့ ရောက်ခိုက် ကိုညိုတစ်ယောက် သူဒေါင်းလုပ် လုပ်ထားသော ရုပ်ရှင် ပြီးမပြီး ပြန်ကြည့်မိရာ 

“အော် ငါ VPN ဖွင့်ပြီး ဒေါင်းတော့ ဒင်းက ကြာနေပြန်ပြီ။ ရုံးဆင်းရင်တော့ ပြီးပါစေ” ဟု တစ်ယောက် ထဲ ရေရွတ်နေ၏။ ဤသို့ဖြင့် တစ်နေ့တာ ရုံးအလုပ်တွေကို ညနေပိုင်းဖြစ်လာမည့် မိနစ် နှင့် နာရီ လက်တံကြား ၁၅၀° အကွာဝေး ထိတိုင်အောင်လုပ်ကာ ‌နေ့စဉ်တာဝန်များကို အဆုံးသတ်လေ့ရှိကြ၏။ 

************************

“ညီလေး ဒီနေ့တော့ ပဲအီကြာနဲ့ ကျဆိမ့် ၊ ကိုညိုကော ဘာမှာဦးမလဲ” 

“ကျွန်တော့်ကိုတော့ ပလာတာ နဲ့ ပုံမှန်တစ်ခွက်” 

ကိုစောက စမေးတော့သည်။ 

“ကိုညို မနေ့က ကြည့်ဖြစ်လိုက်သေးလား”

“အင်း ကိုစော စနိုးဒင် မလား။ ကောင်းတယ်ဗျာ၊ သူက အပြင်က ဖြစ်ရပ်မှန်ဆိုတော့ ကျွန်တော့်ကို အတွေးတွေလည်း အများကြီး ပေးလိုက်သလိုပါပဲ အခုတောင် ပြောနေရင်း ဖုန်းကို မာခရိုဝေ့ဖ် ထဲ ပြေးထည့်ထားချင်မိတာမျိုးဗျ”

“ဟားဟား…..ဘာတွေ တွေးမိသွားတာလဲ ပြောပါဦး အချိန်လည်း ရနေတာပဲ”

လက်ဖက်ရည်ဆိုင်မှ ကောင်လေးလည်း မှာထားတာတွေ လာချသည်။  

“ဒီလိုဗျ ကိုစော ဥပမာ ကျွန်တော်တို့ လက်ရှိ ဖေ့ဘုတ်(Facebook) မှာ ပရိုဖိုင်လော့ချတာတို့၊ ခင်ဗျားတို့ကို မနေ့က ပြောသေးတဲ့ လက်ရှိ ကျွန်တော့် ကွန်ပျူတာက ကင်မရာ အဖွင့်အပိတ် လိုက်ကာက ဝယ်ကတည်းက ပါပြီးသားဆိုတာတွေက ဒီလူဖွင့်ချပြီးနောက်ပိုင်း အလေ့အကျင့် အနေနဲ့ ပစ္စည်း ထုတ်လုပ်သူတွေက စမ်းထည့်လာကြတာတွေပဲ၊ မပါတဲ့ ကွန်ပျူတာတွေကလည်းကြည့်ရင် ပိုင်ရှင်တွေက တိပ်နဲ့ကြီးပဲဗျ၊ ဒါနဲ့ ဖုန်းကင်မရာမှာတော့ ထုတ်လုပ်သူတွေ ဂရုစိုက်တာ သတိမထားမိသလိုပဲ” 

“ဟုတ်တယ် ကိုညို ဖုန်းအသုံးပြုသူတွေလည်းအတူတူပါပဲ။ ဒီကားကြည့်ပြီး ကျွန်တော် စိုးရိမ်တာကတော့ ကိုယ့်မိတ်ဆွေရင်းတွေ ကိုယ်မသိစေချင်တဲ့အကြောင်းတွေကို တိတ်တဆိတ် သိနေမှာကိုပဲဗျ၊ ပြီးတော့ ကိုယ်နဲ့လည်း မတည့်ကော ဖော်ကောင် လုပ်ကြမှာရော။ ဟား…ဟား..။ အဲ့လိုဆို တယ်စားသကိုးဗျ။” 

“ညီလေး ရှင်းမယ်။ ပြောရင်းဆိုရင်း ကားလာနေပြီ၊ ကိုစော ဟိုမှာ” 

************************

“ခင်ဗျားတို့ ဒီပိတ်ရက်မှာ အစီအစဉ်တွေရှိကြလား၊ ဒီနေ့က သောကြာနေ့ဆိုတော့”

ကိုရဲ မှ နေ့လည်ခင်း စားပွဲဝိုင်းတွင် မေးစဉ် ကျန်လူများမှ လည်း အကျိုးသင့် အကြောင်းသင့် ပြန်ဖြေကြ၏။ ကိုစောလည်း

“ကျွန်တော်တော့ အိပ်မယ်၊ ဒီတစ်ပတ်လုံး အိပ်ရေးဝတယ်လို့ကို မခံစားရသေးဘူး” ဟု ပြောသည်။

ကိုညိုကတော့ ကိုရဲ ကို

“ကိုရဲ ကျွန်တော်တို့ကို ပြီးတဲ့ လတွေတုန်းက ဒစ်ဂျစ်တယ်လုံခြုံရေး အကြောင်း ပြောပြတာတွေ အတွက် ကျေးဇူးဗျ။ မနေ့က ကိုစော ညွှန်းတဲ့ စနိုးဒင် ကား ကြည့်ပြီးမှ ကိုရဲ ကိုဦးချချင်တာပဲ” ဟု ပြောလိုက်ရာ။ 

“ဒါနဲ့ ခင်ဗျားက ကျုပ်သင်တုန်း အိပ်ငိုက်နေပြီးတော့ ဘာတွေ အခုမှ မှတ်မိလို့ ဦးတွေချချင်နေရတာတုန်း။ ကိုစောလိုတော့ မနက်ဖြန် သီးသန့် အိပ်ချိန်မလိုလောက်ဘူးထင်တယ် ကိုညိုတို့တော့” ဟု ကိုရဲ မှ ပြန်နောက်လိုက်ရာ တစ်ဖွဲ့လုံး ပွဲကျကြသည်။ ဟုတ်လည်းဟုတ်သည် ကိုညို၏ နံဖူး၌ ထောင့်ဖြတ်ရာသည် ငိုက်စိုက်ရာ၌ အမှတ်အသားတစ်ခုအဖြစ် ကျန်နေခဲ့ရာ သူ့ခင်ဗျာလည်း မငြင်းနိုင်ရာ ကြိတ်သာ ရယ်နေတော့သည်။ 

“ဒါပေမယ့် ကျုပ်သတိရတာ ရှိပါတယ်ဗျ။ ဝှက်စာစနစ်(Encryption Method) ပါတဲ့ ဆော့ဖ်ဝဲလ် တွေကို ဦးစားပေး သုံးဖို့ နဲ့ ဝိုင်ဖိုင် တောင် ရုံးတွင်းလို၊ လက်ဖက်ရည်ဆိုင်ဟာတွေမှာဆိုရင် VPN ခံသုံးဖို့ တို့ပေ့ါ” 

“ဒါတွေပဲလား တခြား ဘာတွေရှိသေးတုန်း၊ မနေ့က စနိုးဒင် ကား ကြည့်လာတယ်ဆို‌တော့”  ကိုရဲမှ မေးလိုက်ရာ။

“အော်သတိရပြီ။ အဲ့ကတည်းက ကိုရဲ စနိုးဒင် အကြောင်း ပြောခဲ့သေးတာပဲ။ ဘာလဲ…..ဘရောင်ဇာ လုံခြုံရေးအတွက် သုံးရင် Tor သုံးရမယ်ဆိုလား၊ ဟုတ်တယ်မလား။ ပြီးတော့ စကားဝှက်တွေအတွက် စကားဝှက် စီမံတဲ့ ဆော့ဖ်ဝဲလ်တွေ သုံးဖို့ လိုကြောင်းတွေ ပြောတာတွေတော့ မှတ်မိပါတယ်။” 

“အင်းပါ။ ကိုညို အိပ်ငိုက်တာတောင် ဒီလောက်မှတ်မိသားပဲ။ ကိုယ်ဘာသာ နည်းနည်းဝေးတယ်ထင်ရင်လည်း Google ကနေ ဆိုက်တွေမှာ စာတမ်း(Document)တွေ ပြန်ရှာဖတ်တာမျိုးတော့ ပြန်လုပ်ပေ့ါ ကိုညို။ ဒါနဲ့ ကျန်လူတွေလည်း ကျွန်တော်ပေးလိုက်တဲ့ သင်ခန်းစာ ဆလိုက်တွေ ကျေးဇူးပြု၍ ပြန်ကြည့်ကြပါဦး။ အားကြရင်ပေ့ါ ကိုယ့်အတွက်ပဲ။ ဒစ်ဂျစ်တယ်ခေတ်မှာ ကိုယ့်ဒစ်ဂျစ်တယ်လုံခြုံရေးကို ဂရုမစိုက်ရင် လူတွေဆိုတာ ကိုယ့်ကို အန္တရာယ်ပြုချင်ရင် အက်တမ် အရွယ် ကနေ ဟိုး ပလူတို လို ဝေးတဲ့အရပ် တိုင်အောင် ရောက်နေပါစေ ဂြိုဟ်ရာမဝင်အောင်လို့ လုပ်ချင်ရင်လုပ်နိုင်တာမျိုးဗျ။ ”

ထိုအချိန် ကိုညို မှ “ပလူတိုက တကယ်လည်း ဂြိုဟ် ရာဝင်မနေတာ ဟုတ်တာပဲမလား” 

“ကျွန်တော် ဆိုချင်တာက အရင်က ဆယ်စုနှစ်များစွာ ဂြိုဟ်လို့ မှတ်ထင်ထားတာကို ဒီကနေ့ ဒစ်ဂျစ်တယ်ခေတ် လို တိုးတက်လာတဲ့အခါမှ သူ့ရဲ့ အင်္ဂါရပ်က ဂြိုဟ်သိမ် သာ ဖြစ်တယ် ဆိုတာကို ပေးသိလိုက်ရတယ်။ တကယ်လို့ ပလူတိုသာ လူတစ်ယောက်ဆိုရင် ပြောချင်တာက သူ့ဒစ်ဂျစ်တယ်လုံခြုံရေးကို အရေးစိုက်ခဲ့ရင် ဒီလောက် နှစ်ပေါက်နေပြီကို ဘာလို့ ဂြိုဟ်သိမ် ဖြစ်ရမှာလဲ ဆိုတာပါ ကိုညို” 

ကိုစောမှ “အေးဗျာ ကိုရဲ ပြောတာ ဂြိုဟ်တွေ၊ နက္ခတ်တွေ ပါတော့ နည်းနည်းတော့ ကျွန်တော့် အတွက် ရှုပ်သွားတယ် ဟား….ဟာ။ ဒါပေမယ့် ကိုရဲပြောတဲ့ ပလူတိုလည်း သူ့ဒစ်ဂျစ်တယ်လုံခြုံရေးကို ဂရုစိုက်သင့်သားဗျ” ဟု ပြန်ပြော၏။

“ဆိုတော့ ကျွန်တော်တို့ ထသင့်ပြီထင်တယ် ကိုယ့်လူတို့” ဟု ကိုရဲမှ စကားအဆုံးသတ်ကာ ရုံးသို့ ကျန်သည့် နိစ္စဓူဝ အလုပ်တာဝန်များကို ပြုလုပ်ရန်ထက် ပိတ်ရက်နှစ်ရက် အတွက် အတွေးကိုယ်စီဖြင့် အားတက်သရော ထကာ တစ်စုတစ်စည်း ပြန် သွားကြ၏။

ညနေပိုင်း အိမ်ပြန်ရာ ကားပေါ်၌ ကိုညို တစ်ယောက် တစ်မှေးရရာ

 “ပလူတိုသည် အချိန်ရခိုက် မိမိ ဒစ်ဂျစ်တယ် လုံခြုံရေး ကို ဂရုစိုက်ခဲ့သင့်၏။ နို့မို့ဆိုရင် ယခုထိတိုင် နေအဖွဲ့အစည်း၏ ဂြိုဟ်ကိုးလုံးမြောက်မှာ ဂြိုဟ်သိမ်တစ်လုံးသာ ဖြစ်ကြောင်း မိမိ နှင့် မိုင်သန်းပေါင်း ၂ ထောင်ကျော်က ပုထုဇဉ် လူသားတွေလည်း ဝေဖန်ခနဲ့ပြီး ပြောလိမ့်မည် မထင်” 

ဆိုသော အသံသိမ့်သိမ့်ဖြင့် ကိုညို၏ အပြန်လမ်း၌ ဝိုးတစ်ဝါး ထပ်ကာထပ်ကာ ပြောနေသံကို ကြားနေရ၏။

ဒီဂျစ်တယ် လုံခြုံရေးအရေးကြီးပုံ

Leave a Reply

Your email address will not be published. Required fields are marked *

Scroll to top