ကျွန်ုပ်တို့ လူသားတွေမှာ ဘာသာရေးအယူအဆများသည် လက်ရှိ ပစ္စုပ္ပန်ကာလအတွက်မှာ တည်ငြိမ်အေးချမ်းရန်အတွက်သာမက နောင်ဘဝဘုံ အထိအောင် ကောင်းမွန်စွာ ကူးနိုင်ရန်၊ နေထိုင်နိုင်ရန် ကျွန်ုပ်တို့လူသားများမှာ ရည်ရွယ်အားထားကြရပါသည်။ သို့ပေမယ့် တိုးတက်လာသော ခေတ်အရ ကျွနိုပ်တို့ လူသားတွေမှာ အခြားသက်ရှိတိရစ္ဆာန်များထက် ကွဲပြားခြင်းသည် ရှင်သန်စရာ ဘုံတစ်ခု တိုးလာခြင်း ဖြစ်ပါသည်။ ၎င်းဘုံကတော့ ကျွန်ုပ်တို့အားလုံး မျက်မြင်တွေ့နေရသော ဒစ်ဂျစ်တယ်ဘုံပင် ဖြစ်ပါသည်။ ဤဘုံတွင် တစ်သီးတစ်သန့် ဘာသာရေးဟူ၍ မရှိသော်ငြားလည်း ကျွန်ုပ်တို့လူ့ဘုံ၏ ဘာသာရေးယုံကြည်ချက်များကဲ့သို့ ဒစ်ဂျစ်တယ်ဘာသာရေးကို လိုက်နာကျင့်သုံးသူတို့အဖို့ နေ့စဉ် လူ့ဘုံကနေ တစ်ခဏမျှစွန့်ခွာကာ ဒစ်ဂျစ်တယ်ဘုံသို့ ကူးလူး အသုံးပြုရာ၌ လုံခြုံ အဆင်ပြေရန်မှာ ဧကန်ပင်ဖြစ်ပါလိမ့်မည်။
ယခုဖော်ပြလိုသော ဒစ်ဂျစ်တယ်ဘာသာရေးဟူသည် ဘာသာရေးအယူအဆသီးသန့်ဆိုလိုရင်း မဟုတ်ပေမယ့် ဘာသာရေးတိုင်းသည် ကျွန်ုပ်တို့ လူသားတွေ လူအများနှင့် ပေါင်းသင်းဆက်ဆံရာမှာ ကိုယ်ကျင့်တရားသိက္ခာများ ရှိနေရန် အခရာ ကျသလို၊ ဒစ်ဂျစ်တယ်ဘာသာရေးကို လိုက်နာသူအဖို့ကလည်း ဒစ်ဂျစ်တယ်ပေါ်ရှိ မိမိ နှင့် မိတ်ဆွေများကို ကိုယ်ကျင့်တရားကောင်းမွန်ပြီးလုံခြုံသော ဒစ်ဂျစ်တယ်ရပ်ဝန်း ဖြစ်လိမ့်မည်ကို တင်စား ဆိုလိုခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့ လူ့ဘုံရှိ ဘာသာရေးများကို လေ့လာကြည့်ပါက ဘာသာရေးဓလေ့ထုံးတမ်းများကို မဖောက်ပျက်ရအောင် ဘာသာရေး ကျင့်ဝတ်အသိစိတ်ဖြင့် ထိန်းသိမ်းကြသကဲ့သို့၊ ဒစ်ဂျစ်တယ် ကမ္ဘာမှာလည်း အသုံးပြုသူများကိုယ်တိုင် လုံခြုံရေး မဖောက်ပျက်ရအောင် ဒစ်ဂျစ်တယ်လုံခြုံရေး အသိစိတ် လိုအပ်ပါသည်။ ထိုကဲ့သို့သော ကျင့်ဝတ်ဆိုင်ရာ အသိစိတ်များကို ရရှိနိုင်သော အခြေခံအချက်များကို အပိုင်းသုံးပိုင်းဖြင့် ဆက်စပ်ဖော်ပြသွားပါမည်။
ပထမအချက်အနေနဲ့ မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းပါသည် ဆိုသည့် ဆောင်ပုဒ်ကို ပြန်လည် ဖော်ပြလိုပါသည်။ မိမိ၏ ကိုယ်ရေးအချက်အလက်ဆိုင်ရာများကို ကာကွယ်ထိန်းသိမ်းခြင်းသည် မိမိ ဒစ်ဂျစ်တယ် အခွင့်အရေး ချိုးဖောက်ခံရပြီးနောက် ပြန်လည်ကုစားခြင်းများထက် ဦးစားပေးသင့်သော အရာဖြစ်ပါသည်။ မိမိ၏ အချက်အလက်များ ကာကွယ်ခြင်းဆိုရာ၌ အခြေခံများကို ဦးစွာ ဖော်ပြလိုပါသည်။ ၎င်းတို့မှာ မိမိတကိုယ်ရည်သုံး ဒစ်ဂျစ်တယ်ပစ္စည်းများဖြစ်သော စမတ်ဖုန်းများကို မိမိမှ အပ မည်သူကိုမျှ ပေးမသုံးခြင်း၊ လူမှုကွန်ရက်မီဒီယာများဖြစ်သော ဖေ့ဘုတ်ခ်(Facebook)၊ အင်စတာဂရမ်(Instagram) စသော အင်တာနက် ပလက်ဖောင်းများတွင် မိမိအသိများမှ တစ်ပါး တခြားသူများနှင့် မိတ်ဆွေဖြစ်မနေခြင်း၊ အကောင့် များကို ပုဂ္ဂလိက လော့(Lock)ချထားခြင်း၊ မိမိ၏ အကောင့်ဟူသမျှကို ခိုင်မာအားကောင်းသော စကားဝှက်များအသုံးပြုခြင်း (ပိုမိုခိုင်မာသော စကားဝှက်များကို စကားဝှက်များစီမံသော ဆော့ဖ်ဝဲလ်(Software)ပရိုဂရမ်များ အသုံးပြုကာ စီမံခြင်း) နှင့် ပိုမိုလုံခြုံသော ဘရောက်ဇာ(Browser) များအသုံးပြုခြင်းများသည် သင့်ကို တစ်စုံတစ်ယောက်က သင့်ဒစ်ဂျစ်တယ် ကမ္ဘာမှာ မနှောင့်ယှက်နိုင်အောင် ကူညီပါလိမ့်မည်။
ဒုတိယ ဖော်ပြလိုတာကတော့ မိမိ လောဘ စိတ်ကို ထိန်းသိမ်းပါ။ အလွယ်လမ်းဖြင့် အလျင်အမြန် ကြီးပွားလိုသူတို့အဖို့ ဒစ်ဂျစ်တယ်ဘုံက မသမာသူတို့၏ ဂျောက်ချခံရမည်မှာ အလွန်ပင် ဖြစ်ထွန်းလှသော ကိစ္စအသေးအမွှားပင် ယခုအခါ ဖြစ်လို့နေပေသည်။ ထို့ကြောင့် မိမိ၏ လောဘစိတ်ကို “ဤလုပ်ဆောင်ချက် အသေးအမွှားများကို လုပ်ရုံမျှဖြင့် သင်သည်ကြီးပွားနိုင်သည်” ဟူသည့်ပမာ ဖုန်းခေါ်ဆိုမှုများနှင့် စာတိုများ လက်ခံရရှိသောအခါ ကျွန်ုပ်တို့ အနေဖြင့် ၎င်းအရာများကို မျက်ကွယ်ပြုရန်သာ လိုအပ်ပါသည်။ ဤကဲ့သို့ စာတို၊ ဖုန်းခေါ်ဆိုမှုများ လက်ခံရရှိပြီးနောက် ရုတ်တရက် ဖြစ်ပေါ်လာသော ကြီးပွားချမ်းသာလိုစိတ်သည် ကျွန်ပ်တို့၏ ပုံမှန်ကြိုးစားမှုနဲ့ မဟုတ်သောကြောင့် ရလာမည့် အရာကလည်း ဒစ်ဂျစ်တယ် ငရဲဟု ဆိုရလောက်မည့် ပူဆွေးသောက များသာ အဆုံး၌ တစ်ပွေ့တစ်ပိုက် ရရှိမှာ ဖြစ်ပါသည်။ ဤအရာများကို သင့်ဖုန်းနံပါတ်ကနေတစ်ဆင့် သင့်ကို ဖုန်းခေါ်ဆိုပြီး ပြောနေခြင်း၊ လူမှုကွန်ရက်ရှိတစ်ချို့သော မိမိနှင့် အပြင်၌ မတွေ့ဖူးမဆုံဖူးသောအကောင့်များမှတစ်ဆင့် လင့်(Links)များပေးပို့ကာ နှိပ်ခိုင်းခြင်း (တခါတရံ သင့်မိတ်ဆွေအရင်းအကောင့်များ ခိုး(ဟက်)ခံနေရခြင်းမှလည်း ပေးပို့တတ်သည်)၊ သင့်အီးမေးလ်(Emails)မှတစ်ဆင့် လင့်များပေးပို့ခြင်းအားဖြင့် လည်းကောင်း ကြုံနေရပါက သင့်အနေဖြင့် မျက်ကွယ်ပြုထားခြင်းဖြင့် သင့်ဘဝကို အေးချမ်းစေနိုင် ပါလိမ့်မည်။
နောက်ဆုံးအနေဖြင့် ဖော်ပြလိုတာသည် ပုံမှန် သင့် ဒစ်ဂျစ်တယ် အချက်အလက်ဆိုင်ရာများ (ဥပမာ- ယခင်က ဖွင့်ထားပြီး လက်ရှိ၌ အသုံးမပြု၊ မလို တော့သည့် အကောင့်များ) ကို စစ်ဆေးရှင်းလင်းရန် အချိန်သီးသန့်ယူကာ ဖျက်သင့်၊ ထွက်သင့်သည်များကို လုပ်ဆောင်ရန်ဖြစ်ပါသည်။ ဤလုပ်ဆောင်ချက်ကို “ရှင်းလင်းခြင်း” ဟုလည်း အလွယ် အဓိပ္ပာယ် မှတ်ယူနိုင်ပါသည်။ တခါတရံ သင်၏ အချက်အလက်များ ပေါက်ကြားရာ၌ မိမိသည် ယိုပေါက်မရှိနိုင်ဟု မှတ်ထင်မှုများ၌ ဤကဲ့သို့သော မရှင်းလင်းထားသော သင်၏ အကောင့်ဟောင်းများသည် မသမာသူတို့မှ သင့်ကို အခက်အခဲ ဖြစ်ပေါ်စေသော အကြောင်းရင်းများ ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ဤ လုပ်ဆောင်ချက်ကို သင့်အနေဖြင့် အချိန်ကာလ တစ်ခုပုံမှန် သတ်မှတ်ကာ (ဥပမာ – ခြောက်လတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ်) စစ်ဆေး ဖြုတ်/ထုတ်/ရှင်း လုပ်သင့်ပါသည်။ ဤအလေ့အကျင့် သည် ဒစ်ဂျစ်တယ်ဘုံ၌ သင့်ကို ရန်သူများ လျော့စေရုံသာမက၊ ရန်သူရှိလျှင်ပင် စိုးရိမ်စရာ အချက် သင့်မှာ မရှိသလောက် ဖြစ်အောင် စီစဉ်ပြီးသား ဖြစ်နေပါလိမ့်မည်။
ဤအကြောင်းအရာများသည် ကျွန်ုပ်တို့ ဒစ်ဂျစ်တယ်ဘုံ၌ လုံခြုံစွာ စတင်လျှောက်လှမ်းနိုင်ရန် လိုအပ်သော အခြေခံများမှ အနည်းငယ် ဖော်ပြသွားခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့ လူသားများသည် ဒစ်ဂျစ်တယ် နိဗ္ဗာန်ဘုံကို မျှော်လင့်ထားသည်ဆိုပါက ဒစ်ဂျစ်တယ်နဲ့ ဆိုင်သည့် ကျင့်ဆောင်ရာများကို မှတ်သားကာ ဆောင်ရွက်ခြင်းအားဖြင့် ပိုမိုလှပသော ဘုံတစ်ခုကို လက်ရှိဘဝ၏ နောင်ဘဝ မရောက်ခင်မှာ ကြုံရနိုင်ပါသည်။ ဤအပိုင်း ပြီးနောက် “ဒစ်ဂျစ်တယ်သာသာရေးကျင့်စဉ် ( ၁ ) “ ကို ဖော်ပြထားပါသည်။ နောက်ပိုင်းများတွင်လည်း ကျွန်ုပ်တို့ Digixile မှ ဒစ်ဂျစ်တယ်နှင့် ပတ်သက်သော ကျင့်စဉ်များကို အလျဉ်းသင့်သလို ဖော်ပြသွားပါဦးမည်။
