ဆန်းသစ်မှုမရှိပါက အနုပညာ ဟု မဆိုနိုင် ဆိုသော ပြောစကားများကို ကျွန်ုပ်တို့ ခပ်ကျယ်ကျယ် ကြားဖူးကြပါလိမ့်မည်။ ဒစ်ဂျစ်တယ် လောက၌လည်း အသစ်တွေက တိုးလာနေသော်လည်း ဆန်းသစ်လိုသော စိတ်နေစိတ်ထားများကို လူသားတချို့ အားမထုတ်လိုကြပါ။ တကယ်တော့ ဆန်းသစ်ရတာသည် ကိုယ့်မှာ အခြေခံအသိတခုတလေ ရှိလေ ပိုဆန်းသစ်နိုင်လေ ဖြစ်သည်။ အရာတစ်ခုခု၌ အနုပညာဆန်ဆန်တွေးခေါ်ရန် မည်သူမဆို အခြေခံအသိလေးတော့ ရှိသင့်သည်မဟုတ်လား။ စာရေးသူ Kevin Mitnick ၏ The Art of Invisibility မှာ ဖော်ပြထားသော နေ့စဉ်ဒစ်ဂျစ်တယ် ကဏ္ဍများ၌ အခြေခံအသိများမှတစ်ဆင့် ဆန်းသစ်နိုင်သော အကျင့် များကို လုပ်ဆောင်နိုင်သောအချက်များကို ဖော်ပြထားပါသည်။ အချိန်အားဖြင့် ၂၀၁၈ မှာ ထုတ်ထားသော စာအုပ်ဖြစ်သော်လည်း ယနေ့ ၂၀၂၅ တိုင်အောင် လုပ်‌ဆောင်နိုင်သော တချို့တူညီသည့် ဒစ်ဂျစ်တယ်အကျင့်အချို့ကို ယခုဆောင်းပါး၌ ထုတ်ဖော်ပြပါမည်။

ဥပမာ အဘယ်လူသားများက ဘယ်ဒုစရိုက်မှုမျိုးကိုမဆို မလုပ်ထားသောကြောင့် မသမာသူတစ်ဦးဦးက မိမိတို့၏ ဒစ်ဂျစ်တယ်အခွင့်အရေးချိုးဖောက်ပါကလည်း စိုးရိမ်စရာ၊  ဖုံးကွယ်ထားစရာမလိုဟု ထင်မြင်သောသူတို့ကို အနည်း၊အများ ကြုံဖူး၊ ကြားဖူးကြပါလိမ့်မည်။ ဖုံးကွယ်ခြင်းသည် ဒုစရိုက်သမားများသာ လုပ်ဆောင်သော အရာဟုထင်ကြခြင်း ဖြစ်သည်။ နှိုင်းယှဉ်တွေးကြည့်ပါက ရှက်စရာမရှိဟုဆိုကာ အဝတ်ဗလာဖြင့် ရပ်ကွက်တွင်း၌ ဤလူသားတို့ သွားကြမည်လား (သို့တည်းမဟုတ်) မိမိ အိမ်သားများရှိရာ အိမ်တွင်း၌ပင် ဗလာဖြင့် နေကြမည်လား။ ဤသို့ တွေးကြည့်ခြင်းဖြင့် ယဉ်ကျေးသောလူသားတို့မည်သည် လုပ်မည်မဟုတ်ကြောင်း လူသားတို့ကိုယ်တိုင်ပင် တပ်အပ် ပြန်ပြောကြပါလိမ့်မည်။ အများအားဖြင့် လူသားများသည် အဝတ်၌ပင် အိမ်တွင်း အိမ်ပြင် ကဲ့သို့ သင့်တော်သော အဝတ်အစားများကို ပြင်ဆင်ကာ ဝတ်ကြသေးသည်။ သို့သော် ဒစ်ဂျစ်တယ်ခန္ဓာပေါ်၌ လူသားတို့သည် သာမာန်ကာလျှံကာအတွေးများဖြင့် ဝတ်ဆင်နေကြခြင်းသည် ဥပမာ ၂၂/ဇွန်/၂၀၂၅ ရဲ့ Forbes သတင်း၌ ဖော်ပြသော နည်းပညာကုမ္ပဏီ များ၏ သုံးစွဲသူစကားဝှက်ဒေတာများ ချိုးဖောက်ခံရသော အကြောင်းအရာပါ သတင်းမျိုး ဖတ်မိခြင်းဖြင့် တွေ့မြင်နိုင်ပါသည်။ ဤသည်ကို ထောက်ခြင်းဖြင့် အများအားဖြင့် လူသားများသည် ဒစ်ဂျစ်တယ်အဝတ်များ၌ မလုံခြုံသော အဝတ်များသာ ဝတ်ဆင်နေကြောင်း တွေ့ရခြင်းသည် အထူးသဖြင့် ဝတ်စားဆင်ယင်မှု၌ ယဉ်ကျေးမှုတန်ဖိုး မြင့်မားစွာ ထားသော မြန်မာနိုင်ငံသားများအနေဖြင့် လက်ခံကြလိမ့်မည် မထင်ပါ။ 

စာ‌ရေးသူ Mr. Kevin Mitnick အကြံပေးမှုအရ မိမိကို တိုက်ခိုက်မည့် ရန်သူသည် အလွန်ကို တော်သော ထက်သော ဟက်ကာ ဖြစ်ချင်မှ ဖြစ်လိမ့်မည် သူတို့သည် အများအားဖြင့် မိမိစက်ထဲသို့ ဝင်ရောက်ရန် ယခုကဲ့သို့ ပေါက်ကြားထားသော အင်တာနက်စာမျက်နှာမှတစ်ဆင့် သူတို့ တိုက်ခိုက်လိုသူ၏ အချက်အလက်များကို ရနိုင်ကြသည် ဟု ဖော်ပြထားသည်။ ဤကဲ့သို့သော အဖြစ်မျိုးကို ရှောင်ရှားနိုင်ရန် လုပ်ဆောင်ရမည့် အရာများမှာလည်း သိပ်ခဲယဉ်းလှသည်တော့ မဟုတ်။ မိမိ အသုံးပြုနေသော ပလက်ဖောင်းများရှိ စကားဝှက်များ ‌ပေါက်ကြားခံရသည့် သတင်းများ တွေ့ပြီးပါက မိမိသည် ပထမဆုံး မိမိ၏ အကောင့်များ၏ စကားဝှက်များကို ပြင်ဆင်ရမည်မှာ မလွဲဧကန် ဖြစ်သည်။ စကားဝှက်များကို မှတ်မိရန် ခက်ခဲပါက စကားဝှက်များ စီမံရာ အက်ပလီကေးရှင်းများ ဥပမာ ပညာရှင်များ အကြံပြုထားသော Keepass ကဲ့သို့ ဒေတာအချက်အလက်များကို မိမိစက်၌သာ သိမ်းဆည်းထားနိုင်သည်သာမက နောက်ဆုံးပေါ်ဝှက်စာစနစ်ဖြစ်သော AES ကို အသုံးပြုထားသောကြောင့် အသုံးပြုသင့်သည်ဟု ဒစ်ဂျစ်တယ်လုံခြုံရေးပညာရှင်များမှ အကြံပြုထားသည်။ 

ဝှက်စာစနစ် (Encryption) ၏ အရေးကြီးပုံကိုတော့ “ဝှက်စာစနစ်မရှိ၊ အဝတ်မရှိ” ဟု သတိပေးထားပါသည်။ တူညီစွာ ‌နေ့စဉ်အသုံးပြုသော  ယနေ့ခေတ်တွင် ဝှက်စာစနစ်ကို နေ့စဉ် အသုံးပြုနေရသော ဆက်သွယ်ရေးပလက်ဖောင်းများ၌ စတင်ပြုလုပ်ဖန်တီးသူများကိုယ်တိုင် လုံခြုံရေးအတွက် မဖြစ်မနေ ထည့်သွင်းဖန်တီး ပြုလုပ်နေရသည်ကို သတိပြုနိုင်သည်။ လက်ရှိ၌ ပညာရှင်များ အကြံပြုထားသော လုံခြုံသော ဆက်သွယ်ရေး အက်ပလီကေးရှင်းဆိုရင် Signal ဟုယူဆနိုင်သည်။ ဤစာအုပ်ရေးချိန်တွင် ဖော်ပြထားသော ပလက်ဖောင်းများကတော့ Whatsapp၊ Telegram များကိုပါ ညွှန်းဆိုထားသည်ကို တွေ့ရသည်။ သို့သော် Whatsapp ကို Meta ပိုင်ဆိုင်မှုနောက်ပိုင်းတွင်တော့ ၎င်းတို့၏ စံသတ်မှတ်ချက်တချို့အရ ပညာရှင်များ၏ ညွှန်းဆိုမှုမှာ သိသိသာသာ လျော့သွားခဲ့သည်။ 

နောက်တစ်ခု အကောင့်များကို စကားဝှက်များထားရာ၌ နှစ်ဆင့်ခံလုံခြုံရေး စနစ်ကို အကောင့်ပိုမို လုံခြုံစေရန်အတွက် ရည်ရွယ် အသုံးပြု ထားရှိကြသည်။ ဤ၌ အများအားဖြင့် ဖုန်းသို့ စာတို ပေးပို့စေသော နည်းလမ်းကို အသုံးပြုထားသည်။ သို့သော် စာရေးသူ ကတော့ Recovery Account (သို့) Authenticator app  ထားရှိရန် ပိုမို အကြံပြုထားသည်။ အဘယ်ကြောင့်ဆိုသော် မသမာသူများမှ မိမိ၏ ဆင်းကဒ်ကို တုပ နိုင်သောကြောင့်ဖြစ်သည်။ အထူးသဖြင့်လက်ရှိတွင် မြန်မာနိုင်ငံ စစ်အုပ်စုကြီးစိုးနေချိန် စစ်တပ်လက်အောက်တွင် လည်ပတ်နေသော ဆက်သွယ်ရေးအော်ပရပ်တာများ ရှိရာ သူတို့စောင့်ကြည့်လိုသော ပြည်သူမည်သူမဆိုကို ကောက်ကျစ်နိုင်သောကြောင့် နှစ်ဆင့်ခံလုံခြုံရေး၌ Recovery Account (သို့) Authenticator app ထားရှိခြင်းကို ပိုမိုလုပ်ဆောင်ထားသင့်ကြောင်း အကြံပြုထားသည်။  

အင်တာနက်စာမျက်နှာများကို လင့်များမှတစ်ဆင့်ဝင်ရောက်ကြည့်ရှုရာ၌လည်း သတိထားသင့်သော အရာမှာ လင့်များရှေ့၌ “https” ပါ မပါ ကို သတိထားရန်ဖြစ်သည်။ တစ်ခါတစ်လေ https ၌ “s” မပါသော အခြေအနေများ ရှိတတ်လျှင် ၎င်းလင့်သည် ဝင်ရောက်ကြည့်ရှုသင့်သော လင့်မဟုတ်ကြောင်းကို သတိပြုရပါမည်။ ပုံမှန်အားဖြင့်တော့ “https” သည် လုံခြုံစေသည် မှန်သော်လည်း တစ်ခါတစ်ရံ တိုက်ခိုက်သူမှ “https” ပါသော လင့်အတုများလည်း ပြုလုပ်တတ်သေးသည်။ ဥပမာ channelmyan_mar.org လင့်သည် မိမိဝင်ရောက်လိုသော လင့်အမည်မှန် ဖြစ်သော်လည်း တိုက်ခိုက်သူများမှ chamelmyan_nner.org ဆိုပြီး အက္ခရာများကို ပြောင်းလဲကာ မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ခိုးယူနိုင်ပါသေးသည်။ ထို့ကြောင့် မိမိမဝင်ရောက်သေးခင် သေချာစစ်ဆေးကြည့်ရှုရန် လိုအပ်လှပါသည်။ 

အင်တာနက်မှ စောင့်ကြည့်ခြင်းဟူသော ခေါင်းစဉ်အောက်၌ စဉ်းစားကြည့်ပါက သမီးရည်းစားများ မဖြစ်ခင် (သို့) အလုပ်မဝင်ခင် မိမိ၏ လူမှုကွန်ရက်အကောင့်များ တောင်းဆိုခြင်းများကို အခြေခံ တွေးဆနိုင်ပါသည်။ ရင်းနှီးသော လူနှစ်ယောက်ကြားဝယ် တစ်ယောက်အကြောင်းတစ်ယောက်သိရန်အတွက်ဟု ဆိုနိုင်သော်လည်း တစ်ခါတစ်ရံ လူသားတို့ ငြင်းဆိုတတ်ကြပါသေးသည်။ ဆိုရလျှင် မိမိနှင့် စကားအလျင်းမှ ပြောဖူးခြင်း မရှိသော လူများမှ မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ပေါ်ပေါ်ထင်ထင် ယူနေသည်ဟု မှတ်ထင်ခံရပါက ဤငြင်းဆိုတတ်သော လူသားများ အဘယ်မျှလောက် ခံပြင်းမလဲ ဆိုတာကို မှန်းဆမျှော်တွေးနိုင်ပါသည်။ စာရေးသူကတော့ လုံခြုံသော VPN များ နှင့် Tor browser ကဲ့သို့သော အရာများကို အင်တာနက်အသုံးပြုရာ၌ အသုံးချသင့်သည်ဟု အကြံပြုထားသည်။ VPN များတွင်လည်း Log (သို့) မိမိအဘယ်နေရာသို့ ဝင်နှိပ်ခဲ့သည် ဆိုသော အင်တာနက် ခြေရာများ မပြထားသည့် VPN ဆာဗာများကို အသုံးပြုရမည်ဟု ဆိုထားပါသည်။ 

တကယ်တော့ အင်တာနက်တွင် မိမိကိုယ်မိမိ ကွယ်ပျောက်နိုင်စွမ်းအားသည် တသမတ်တည်း ကြိုးစားရုန်းကန်ရသော အခြေအနေတွင် မူတည်ပါသည်။ ယနေ့ခေတ် အင်တာနက်သည် လူသားများ တိုးတက်ပြောင်းလဲမှု၌ အကြီးအကျယ် ပါဝင်ပတ်သက်နေသော်လည်း လုံခြုံမှုကိုတော့ အာမခံ၍ ရနိုင်သည့် အရာမဟုတ်သည်ကို မီးမောင်းထိုးပြလိုပါသည်။ ထို့ကြောင့် အထက်က ဖော်ပြထားသော ဝှက်စာစနစ် အသုံးပြုခြင်း၊ လင့်များဝင်ရောက်ရာ၌ သတိထားခြင်း၊ မိမိ၏ ဝင်ရောက်ခဲ့သော အချက်အလက် မသိမ်းဆည်းထားသည့် VPN နှင့် Tor ဘရောက်ဇာ များကို အသုံးပြုကာ နေခြင်းမျိုး တွေအပြင် လူမှုကွန်ရက်၌ မိမိ၏ အကြောင်းအရာများကို တင်ခြင်းကဲ့သို့ သော အပြုအမူ များအထိပင် အရေးကြီးလှပါသည်။ ခေတ်ကာလ အရ လူမှုကွန်ရက်မှ အချက်အလက်များသည် တိုက်ခိုက်သူတို့အဖို့ အလကားရနိုင်သော စောင့်ကြည့် ဆန်းစစ်ခံရမှုများ ဖြစ်စေနိုင်သော အကြောင်းအရာ တစ်ရပ်အဖြစ် ရောက်ရှိလာပါသည်။ 

စောင့်ကြည့်ခံရခြင်းများနှင့် ပတ်သက်၍ လက်ရှိ၌ ခဏတာအာဏာရှင်အောက်နေသောမြန်မာလူထုသည် အဆိုးဆုံးအခြေအနေနှင့် ရင်ဆိုင် နေရခြင်းသည် အလွန်ပင် စိုးရိမ်စရာ ကောင်းလှပါသည်။ အကြောင်းရင်းမှာ စစ်အစိုးရ အနေဖြင့် အင်တာနက်ကွန်ရက်ကို အသုံးချလျက် ၎င်းတို့ ဖမ်းဆီးချုပ်နှောင်လိုသော မည်သူကိုမဆို လွယ်လင့်တကူ ရရှိနိုင်သော အခွင့်အရေး ရှိနေခြင်းက မြန်မာလူထုအတွက် အခက်အခဲဖြစ်နေပါသည်။ မည်သို့ပင် ဆိုစေကာမူ သတိပြုရမည့်အရာမှာ အင်တာနက်သည် လုံးလုံး လုံခြုံသော အရာတစ်ခု မှတ်ယူကာ မနေရန် အထူးလိုအပ်ပါသည်။ ၂၀၁၂ ဝန်းကျင် အမေရိကန်ပြည်ထောင်စု ၏ ထောက်လှမ်းရေး အဖွဲ့မှ စနိုးဒင် တစ်ယောက် ဖွင့်ပြမှုတွေ နောက် တွေးကြည့်ပါက မည်သို့ လူ့အခွင့်အရေးကို ရှေ့တန်းတင်သည့် ဒီမိုကရေစီ ဘိုးအေ နိုင်ငံပင် ဟာကွက် ဖြစ်လို့နေပေသည်။ နိုင်ငံတွင်း အင်တာနက် တံတိုင်း ကာသော တရုတ် တို့ကိုတော့ တကူးတက ရည်ညွှန်းရမည် မထင်ပါ။ 

ဆိုရလျှင် အင်တာနက်၏ ပေါ်ပေါက်ခဲ့သော သမိုင်းကိုယ်တိုင်ပင် စစ်တပ်ထုတ်ကုန် တစ်ခုဖြစ်သည့်အတွက် လုံခြုံရေးသည် အာမခံ၍ မရနိုင်သော အရာတစ်ခု အဖြစ် အလိုအလျောက် သဘောပါနေပါသည်။ သို့ပေမယ့် လူသားများအကျိုးအတွက် တစ်ဖက်ကလည်း လိုအပ်နေသောကြောင့် ဤစာအုပ်၌ အင်တာနက် အသုံးပြုရာ၌ ဖော်ပြခဲ့ပြီးသော အလေ့အထများကို ပြန်လည်ညွှန်းဆိုရပါက ခိုင်မာအားကောင်းသော စကားဝှက် အသုံးပြုရန်၊ နှစ်ဆင့်ခံ လုံခြုံရေး၌ Recovery Account (သို့) Authenticator App အသုံးပြုရန်၊ ဝှက်စာ (Encryption) စနစ်ပါသော အက်ပလီကေးရှင်းများကို ရွေးချယ်အသုံးပြုရန်၊ မိမိ၏ ဝင်ရောက်ခဲ့သော ခြေရာလက်ရာများ မပေါ်အောင် သတိပြုရန် နှင့် လူမှုကွန်ရက်ရှိ မိမိ၏ အပြုအမူများကို သတိထား ရန်များမှာ လိုအပ်သော ဒစ်ဂျစ်တယ် အခြေခံ အကြောင်းတရားများဖြစ်သည်။ တကယ်တော့ ဒစ်ဂျစ်တယ်ဟု တောက်လျှောက် ဖော်ပြလာခဲ့သော်လည်း လူသားများတွင် မမေ့မလျော့ လိုအပ်သော အရာမှာ ခိုင်မာသော အခြေခံ အတွေးအခေါ် (Mindset) ပုံစံများကို ကနဦး လိုအပ်လှပါသည်။ ဤမှ အခြေခံကာ မိမိ၏ ကိုယ်ရေးအချက်အလက်များ လုံခြုံရန် သုံးသပ်နိုင်ခြင်း၊ တသမတ်တည်း လေ့လာလိုသော စိတ်များ အားကောင်းခြင်း မှ မူတည်ကာ ကိုယ့်ကိုကိုယ် လုံခြုံရေးအတွက် တည့်မတ်နိုင်မှာ ဖြစ်ပါသည်။ အချုပ်ဆိုရလျှင် အင်တာနက်မှ မိမိ၏ တစ်ကိုယ်ရည် လုံခြုံရေး အတွက် ကွယ်ပျောက်နိုင်စွမ်းအား ရရှိရန်သည် မာရသွန် ကဲ့သို့ ရှည်လျားလှသည့်အရာ ဖြစ်ပါသည်။ လိုအပ်ပါက မိမိ၏ လက်ရှိ ဒစ်ဂျစ်တယ်အသိကို ဆန်းစစ်သုံးသပ်ကာ မိမိအပြင် ဘေးပတ်ဝန်းကျင်ရှိ မိသားစုများ၊ ချစ်ရ ခင်ရ သူများ၏ လုံခြုံရေး အတွက်ပါ သတိထား လုပ်ဆောင်သင့်သော အရာ ဖြစ်ပါသည်။

အနုပညာမြောက် ကွယ်ပျောက်ခြင်း

Leave a Reply

Your email address will not be published. Required fields are marked *

Scroll to top