မျက်မှောက်ခေတ်၏ ဆိုက်ဘာလုံခြုံရေး သည် တစ်ကမ္ဘာလုံး စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိလို့လာနေသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုကျော်လောက်တုန်းက ကိုယ်ပိုင် ကွန်ပျူတာ နှင့် စမတ်ဖုန်း ရှိသည့် ဦးရေသည် ယခုလောက် မများလာသေးခင်ကာလကို အကြမ်းဖျဉ်း ယှဉ်တွဲကာ မြင်နိုင်ပါသည်။ အခက်အခဲတွေသည် လူသားတို့ တိုးတက်ပြောင်းလဲမှုများ၌ အခရာ တစ်ခုဟုဆိုနိုင်လောက်အောင် ပြောစမှတ် ပြုကြသော်လည်း မြေစာပင်ဖြစ်ရသော လူသားများလည်း တစ်ပုံတစ်ပင် ရှိခဲ့ကြပါလိမ့်မည်။ တစ်နည်းအားဖြင့် သာမညအာဇာနည်လို့ ညွှန်းဆိုကြလေမလား။ သို့သော် လက်ရှိမှာတော့ လူသားတို့အားလုံး သာမည ဖြစ်ခွင့်ရနိုင်ကြမည့် ကာလသို့ အေအိုင်ခေတ်နှင့်အတူ ရောက်ရှိလေပြီလားဟု ထင်မြင်ယူဆနိုင်သော အခြေအနေသို့ ဦးတည်ရောက်ရှိသွားနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူသားတို့သည် အေအိုင်ကို ကလောက် ခေါ် တိမ်ဒေတာအခြေခံအဆောက်အအုံ တွေမှသည် ငွေရေးကြေးရေး စီမံခန့်ခွဲမှုများတိုင်အောင် ကျယ်ပြန့်စွာ အသုံးချနေ ကြပါသည်။ ဤကဲ့သို့ အချိန်တိုအတွင်း အသုံးချခြင်းမှာလည်း အေအိုင်သည် ထုတ်လုပ်မှုကဏ္ဍ၌ များစွာ ဆတိုး ဆောင်ရွက်နိုင်ရုံသာမက လက်ရှိ မတိုင်ခင်က လူတွေ ကြုံတွေ့နေရသည့် တော်တန်ရုံ ဒစ်ဂျစ်တယ် တိုက်ခိုက်မှုကို ခုခံကာကွယ်ရေး၌ လည်း အေအိုင်က အတန်အသင့် အားကောင်း နေတာကြောင့်လည်း ဖြစ်ပါမည်။ သို့ပေမယ့် စိုးရိမ်စရာ ကောင်းနိုင်သည့် ယူဆချက်တစ်ခုကတော့ အေအိုင်ကို အလုံးစုံအားကိုးခြင်းသည် အေအိုင် ကိုယ်တိုင် ဖျက်ဆီးတိုက်ခိုက်သူ အဖြစ် ဖန်တီးပေးနိုင်သော အခြေအနေ ဖြစ်နေပါက အစိုးရများ၊ စီးပွားရေးလုပ်ငန်းကြီးများနှင့် လူတစ်ဦးတစ်ယောက်စီကို ဒုက္ခလှလှ ပေးနိုင်ခြင်းကို တွေးဆ နေကာစိုးရိမ်နေခြင်း ဖြစ်ပါသည်။
အေအိုင်သည် နယ်ပယ်အသီးသီး၌ နေရာယူနှင့်ပြီး ဖြစ်သလို ဆိုက်ဘာတိုက်ခိုက်မှုများတွင်လည်း ထောက်လှမ်းခြင်း၊ ခွဲခြမ်းစက်ဖြာခြင်း နှင့် တုံ့ပြန်မှု စသည်များကို လူသားတို့ ပုံမှန်လုပ်ရိုးလုပ်စဉ် လမ်းကြောင်းမှ သွေဖယ်ကာ မြန်မြန်ဆန်ဆန် အပြင် ပညာရှင်တစ်ဦးကဲ့သို့ပင် လူသားတို့အတွက် အကျိုးဖြစ်ထွန်းနိုင်မည့် အရာများကို ထောက်ပံ့နေပါသည်။ ထိုကဲ့သို့ လုပ်ပေးနေသော အရာများတွင် လက်ရှိ ဖြစ်နေသော အခက်အခဲများကို အန္တရာယ်ရှိ/မရှိ ခွဲခြားသတ်မှတ်နိုင်ရုံသာမက ရှေ့လျှောက် ဖြစ်ပေါ်လာနိုင်မည့် စိန်ခေါ်မှုများအတွက်ပါ ပြင်ဆင်နိုင်အောင် ခန့်မှန်းတွက်ဆ ပေးနိုင်ခြင်းများသည် ပကတိအရှိတရားတွင် ကြုံတွေ့နေသည့် တိုက်ခိုက်မှုများကို တစ်ပါတည်း ရင်ဆိုင်နိုင်သော အခွင့်အရေးများပါ ရရှိနိုင်ပါသည်။ ဥပမာအားဖြင့် အေအိုင်သည် သန်းချီရှိနေသော ဒေတာတစ်ခုစီကို စက္ကန့်အလိုက် လျင်မြန်စွာ ထောက်လှမ်းနိုင်ခြင်းသည် လူသားများအတွက် တိုက်ခိုက်မှု ဖြစ်နိုင်ချေများကို ထောက်လှမ်းခြင်း နှင့် တုံ့ပြန်ဆောင်ရွက်ခြင်းများ၌ အချိန်ကာလကို များစွာ အရင်ကာလများထက် တိုတောင်း စေခြင်းသည် ပဓာနအကြောင်းတရား ဖြစ်ပါသည်။
ယခုဥပမာများနှင့် ဆန်ကျင်ဖက် သက်ရောက်နိုင်သော ဖြစ်စဉ်တစ်ချို့ကိုလည်း တွေးကြည့်မယ်ဆို ယခုကဲ့သို့ တွေးမြင်ကြည့်ကြပါစို့။ အေအိုင်ကို တိုက်ခိုက်သူများမှ ဖြစ်ရိုးဖြစ်စဉ်ထက် ဆန်းကျယ်နိုင်သော တိုက်ခိုက်မှု၌ သုံးနိုင်သော လက်နက်တစ်ခုအဖြစ်သို့ ပြောင်းလဲနေ (သို့) ကြုံတွေ့နေရသော အကြောင်းအရာ တစ်ခုလည်း ဖြစ်နေပါသည်။ ပထမတစ်ခုအနေနဲ့ကတော့ မျက်နှာများကို တုပ ပြုလုပ်ကာ ဂုဏ်သိက္ခာကျဆင်း စေနိုင်သော ဖြစ်စဉ်များကို လုပ်နေခြင်း ဖြစ်ပါသည်။ ဤဖြစ်စဉ်မျိုးသည် နိုင်ငံရေးကစားပွဲတွေမှသည် ညစ်ညမ်းလောကထိတိုင် တွေ့ကြုံနေရသည်။ တစ်ခါတစ်ရံ မြန်မာနိုင်ငံတွင်းရှိ ထိရှလွယ်သော လူမျိုးရေး၊ ဘာသာရေး အထိကရုဏ်းများသည် သည့်မတိုင်ခင်များကတည်းကပင် အမြစ်တွယ်လွယ်သော အရာများ ဖြစ်နေသည် အလျောက် ယခုကဲ့သို့ အစစ်ပမာ တုပလုပ်ဆောင်နိုင်ချိန်နှင့် မြန်မာ့နိုင်ငံရေး ရေချိန်ကျချိန်များတွင် ပညာရေးကဏ္ဍပိုင်းမှာလည်း အားနည်းနေသည့်အလျောက် ပဋိပက္ခများကို ဦးတည်စေနိုင်သော အကြောင်းအရာတစ်ခုအနေဖြင့် ရှုမြင်စေလိုပါသည်။ သည့်အပြင် ကျားဖြန့်လိမ်လည်မှုများတွင် အသုံးပြုနေသကဲ့သို့ လူသားအကျိုးများကို ထိခိုက်နိုင်သော Malware ခေါ် အန္တရာယ်ပြုနိုင်သော ဆော့ဖ်ဝဲလ်များ၌ အေအိုင်အသုံးပြုကာ ပိုမိုထိခိုက်မှုများနိုင်သော အရာများကိုလည်း အေအိုင်သည် ဖော်ပြခဲ့ပြီးသော အကျိုးကျေးဇူးများနှင့်ဆန့်ကျင်စွာ ကျူးလွန်နိုင်ပါသေးသည်။
ဤကဲ့သို့သော အကျိုး၊ အပြစ် များနိုင်သည့် ထုတ်ကုန်တစ်ခုကို မည်သို့မည်ပုံ ဆက်လက်ပြီး ယုံယုံကြည်ကြည် အသုံးပြုနိုင်မလဲ ဆိုသည့် မေးခွန်းများလည်း နောက်ဆက်တွဲ ရှိနိုင်ပါသည်။ ပထမတစ်ခုအနေနဲ့ စဉ်းစားနိုင်သည့် အချက်သည် မူဝါဒရေးရာ ချမှတ်ပေးနိုင်သော အစိုးရများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းကြီးများက အေအိုင်ကို လုပ်ပိုင်ခွင့် မည်မျှပေးထားမလဲဆိုသည့် မေးခွန်းကို ဖြေပေးနိုင်မည့်အချက်ဖြစ်သည်။ ဥပမာအားဖြင့် လုပ်နိုင်သည့် အချက်များမှာ ခိုင်မာအားကောင့်သည့် စောင့်ကြည့်မှု နှင့် မူဘောင်များကို ကြပ်မတ်စွာ ကိုင်တွယ်နိုင်ရန် ဖြစ်သည်။ သည့်အပြင် အေအိုင်ကို နားလည်တတ်ကျွမ်းသည့် အတတ်ပညာရှင် လူသားမျိုးနွယ်များကို စဉ်ဆက်မပြတ်အောင် အားပေးကူညီမှုတွေလည်း ပါဝင်ပါသည်။ ထိုမှသာ အများပြည်သူများကို အသိပညာများ မျှဝေခြင်းနှင့် အနာဂတ်မှာ အေအိုင်ကြောင့် ဖြစ်ပေါ်လာနိုင်မည့် ဆိုက်ဘာ ခြိမ်းခြောက်မှုများကို ပပျောက်အောင် ပူးပေါင်းဆောင်ရွက်ကြရာ၌ အကျိုးကျေးဇူးများ ဖြစ်ထွန်းလာမည့် အရာများကို မျှော့်လင့်ချက် ထားနိုင်မည် ဖြစ်ပါသည်။
အေအိုင် နည်းပညာ အရှိန်အဟုန်တိုးတက်ဖွံ့ဖြိုးနေမှုတွေသည် လူသားများ၏ အခွင့်အရေးများတိုးတက် ရရှိရေးအတွက် အုတ်မြစ် နှင့်အတူ ရရှိလာမည့် အခက်အခဲအတွေ့အကြုံများကိုပါ ကိုယ်စားပြုနေပါသည်။ အထက်က ရှင်းပြဖော်ပြခဲ့ပြီးသလို အေအိုင်သည် အကျိုး နှင့် အပြစ် နှစ်ဖက်လုံးတွင် အားကောင်းနိုင်သော စွမ်းအားဖြစ်သည့် အလျောက် လူသားများသည်လည်း မိမိတို့၏ အေအိုင်ကဲ့သို့ အားကောင်းသောအရာများကို စတင်ဖန်တီးနိုင်ခဲ့သော ဉာဏ၊ ဝိရိယ နှင် လုံ့လ များကို ဥပက္ခာ မထားသင့်ပဲ အေအိုင်၏ သိုင်းကြိုးကို လိုရာသို့ ဦးတည်နိုင်စေရန် အတွက် အမြဲမပြတ် ကြိုးစားနေထိုင်ပြုမူ နိုင်မှသာလျှင် လူ့ဘောင်အဖွဲ့အစည်းသည် ရေရှည်မှာ မနော ငြိမ်းအေးနိုင်သော ဘဝများကို ပိုင်ဆိုင်နိုင်မှာ ဧကန်မလွဲ ဖြစ်နိုင်ပါလိမ့်မည်။
