လျင်မြင်စွာတိုးတက်ပြောင်းလဲလာနေသော AIနယ်ပယ်သည် ဖွံ့ဖြိုးပြီးနိုင်ငံများက ဦးဆောင်ကြသည်ဟု အကြမ်းဖျင်း ယူဆနိုင်သော်လည်း သက်ရောက်မှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာ ဖြစ်ပါသည်။ ဤတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ ၊ မြန်မာအပါအဝင် နိုင်ငံများသည်လည်း အမီလိုက်နေရသည့် အကြောင်းအရင်းတစ်ခု ဖြစ်နေသည်။ သို့သော် မြန်မာသည် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ခေတ်နောက်ပြန်သွားနေမှုကြောင့် ပညာရေး ကဏ္ဍ၌ အနည်းအများ လူထုတွင် ကွာဟချက် များပြားလျက် ရှိနေကြောင်းကို နိုင်ငံလုံးဆိုင်ရာအချက်အလက်များ အရ မြင်နိုင်ပါသည်။ ဥပမာတစ်ခုကိုဆိုရလျှင် အာဏာသိမ်းမှုကြောင့် စီဒီအမ် ကျောင်းသား များ၏ စီဒီအမ် လှုပ်ရှားမှုနှင့်အတူ တစ်ချို့တစ်ဝက်သည် ကျောင်းပညာရေးကို ရပ်တန့်ထားရသည့် အခြေအနေ ဖြစ်နေပုံကို မြင်နိုင်ပါသည်။ သို့သော် AI အရွေ့များကိုလည်း အပြင်ပိုင်းမှာ ကိုယ်ထူကိုယ်ထ လေ့လာနေရသည့် အပိုင်းများလည်း တွေ့ရပါသည်။ ဤသည်မှာ လူထုလူငယ်များ၏ ပညာရေးကို အလေးပေးသော အရာအဖြစ် ရှုမြင်နိုင်ပါသည်။
လက်ရှိ မြန်မာအပြင် အာဆီယံဒေသတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း AIများကို စိုက်ပျိုး၊ မွေးမြူရေး ကဲ့သို့ အခြေခံကုန်ထုတ်လုပ်ငန်းများမှသည် နိင်ငံ၏အမျိုးသားလုံခြုံရေးအဆင့်ထိတိုင် AIပါဝင်သော အခြေအနေတစ်ခုကို ဖြစ်ပေါ်လာနိုင်အောင် ကြိုးပမ်းဆောင်ရွက်မှုတွေလည်း တွေ့မြင်နိုင်ပါသည်။ စိုက်ပျိုး၊ မွေးမြူရေးများတွင်လည်း အစိုးရများ၏ ရှေ့ဆောင်လမ်းပြမှုတွေမှသည် အခြေခံ တောင်သူလယ်သမားများအထိ လက်ဆင့်ကမ်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေသည့် အခြေအနေကို တွေ့ရပါသည်။ အဓိကအားဖြင့် စိုက်ပျိုးရေး နှင့် မွေးမြူရေး ဆင့်ကဲပြောင်းလဲဖြစ်စဉ် ကဏ္ဍ ကို ယခုအခါ AI အသုံးပြု ကွန်ပျူတာ များဖြင့် ပိုးမွှားနှင့် မြေဆီလွှာ စစ်ဆေးခြင်းများ၌ ယခင်ကထက် ပိုမိုခွဲခြမ်းစက်ဖြာ နိုင်သော အဆင့်သို့ ရောက်ရှိပြီး ထုတ်လုပ်မှု စွမ်းအားကို မြှင့်တင်နိုင်သည့် အခွင့်အရေးများကို ရယူနိုင်ပါသည်။ သို့သော် ဤကဲ့သို့သော လုပ်ဆောင်မှုများကို မြန်မာပြည်တွင်း၌ လောလောဆယ် ရှိမနေတာကိုတော့ ဝမ်းနည်းဖွယ် တွေ့မြင်ရပါသည်။
အခြေခံကျန်းမာရေး ဗဟုသုတ ဆိုင်ရာများကိုလည်း ယခင်က ဆေးရုံဆေးခန်းများ၌သာ ရရှိနိုင်သော်လည်း ယခုအခါ မိမိသိလိုသော အခြေခံ ကျန်းမာရေးဆိုင်ရာများကို မိမိကိုယ်တိုင် အင်တာနက် ရှိရုံဖြင့် လေ့လာနိုင်ပါသည်။ သည့်အပြင် ပညာရေး နှင့် အလုပ်အကိုင် ဖန်တီး ရှာဖွေမှုများ၌လည်း AIကို အသုံးချနိုင်ပါသည်။ တချို့သော စွန့်ဦးတီထွင်လိုသော လူငယ်၊ လူလတ်မရွေး များသည်လည်း အကြံဉာဏ်များကို ရှာဖွေ အသုံးချနိုင်ကြပါသည်။ အင်တာနက်အသုံးပြုခြင်းမှ ဝင်ငွေ တစ်ဖက်တစ်လမ်း ရရှိနိုင်သော အကြောင်းအရာများကို ဖန်တီးမှုတွေမှသည် စီးပွားရေး အသေးစားမှ စသော လုပ်ငန်းများအတွက်လည်း အကျိုးအလွန်မှကို ဖြစ်ထွန်းစေသော အရာအဖြစ် တွေ့နိုင်ပါသည်။
သို့သော် မြန်မာနိုင်ငံတွင်တော့ အခက်အခဲတစ်ချို့လည်း ရှိနေပါသည်။ တစ်ချို့အခက်အခဲတွေသည် တခြားနိုင်ငံများအဖို့ အခြေခံကျလွန်းလှသည်။ ဥပမာ- လျှပ်စစ်၊ အင်တာနက်၊ သယ်ယူပို့ဆောင်ရေး စသည့်အကြောင်းအရာများသည် မြန်မာနိုင်ငံသားများအဖို့ အလွန်အမင်းကို ခက်ခဲလွန်းလှသော အရာဖြစ်လို့ နေခြင်းက ဖွံ့ဖြိုးဆဲ အိမ်နီးနားချင်း နိုင်ငံများနှင့် ယှဉ်မယ်ဆိုရင် နောက်ကျလွန်းသည့် အကြောင်းအရင်းများ ဖြစ်လို့နေပါသည်။ နောက်ထပ်အကြောင်းရင်းများမှာ ၂၀၂၄ စစ်မှုထမ်း ဥပဒေပြဌာန်းပြီးနောက် နိုင်ငံတွင်းရှိ လူငယ်၊ လူလတ်များ ပြည်ပထွက်ခွာမှု များပြားနေခြင်းကလည်း ပြည်တွင်း၌ အပြိုင်အဆိုင် ဉာဏ စွမ်းပကား၌ လုပ်အား အင်မတန်မှကို လျော့နည်းသွားစေပါသည်။ သည့်ပြင် အာဏာသိမ်းစစ်တပ်သည်လည်း AIကို ၎င်းတို့ယန္တရား၌ အကျိုးဖြစ်ထွန်းရေးအတွက် ကြိုးပမ်းနေလျက်ရှိရာ ရှိပြီးသားနိုင်ငံ့အချက်အလက်များ ဖြစ်သော ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသည့်ကဏ္ဍများရှိ တန်ဖိုးကြီး နိုင်ငံသားအချက်အလက်များကို စစ်တပ် ကိုယ်ကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ထောက်လှမ်းဖမ်းဆီးချုပ်နှောင်ခြင်း၊ ပဋိပက္ခဖြစ်စေရေးအတွက် သတင်းမှားဖြန့်ခြင်း ကဲ့သို့သော လမ်းကြောင်းမှားများအတွက်သာ AIကို ဦးစားပေး ကြိုးပမ်းဆောင်ရွက်လျက်ရှိနေသည်။
ဤကဲ့သို့သော အကြောင်းအခြင်းရာများသည် ဖွံ့ဖြိုးဆဲဖြစ်နေသည့် နိုင်ငံအခြေအနေကိုပါ ထပ်မံ၍ အဆင့်လျော့ကျ သွားစေနိုင်ပါသည်။ ဆိုရလျှင် လက်ရှိ AIအရွေ့၌ နိုင်ငံလုံးအတိုင်းအတာဖြင့် ပါဝင်နိုင်ရေး၌ မြန်မာသည် အခြေခံအထောက်အပံ့မရှိခြင်း၊ အခြေခံဉာဏလုပ်အား မလုံလောက်ခြင်း၊ ရှိပြီးသား တန်ဖိုးကြီး ဒေတာအချက်အလက်များကို အဖွဲ့အစည်းတစ်ခုကသာ လိုသလို အသုံးချနေခြင်း များကြောင့် စီးပွားရေးမညီမျှမှုနှင့် ကုန်ထုတ်လုပ်နိုင်စွမ်းများ အလွန်အမင်း ကျဆင်းနိုင်ခြင်း နှင့်အတူ နိုင်ငံရေး၌ AIကို ကျင့်ဝတ်ဖောက်ပြားခြင်း၌ အသုံးပြုမှုဆိုင်ရာများကြောင့် မြန်မာ့ AIအရွေ့သည် နိုင်ငံတကာ၌လည်း စိုးရိမ်ရေမှတ် တဖြည်းဖြည်း မြှင့်တက်လာနေသည်။
အကယ်၍ မြန်မာသည် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အတိုင်း တည်ငြိမ်သော နိုင်ငံရေး လမ်းကြောင်း ရှိနေသည့် ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်ပါက တခြား ဖွံ့ဖြိုးဆဲနိုင်ငံများနည်းတူ ယှဉ်ပြိုင်နိုင်စွမ်းအားသည် အတန်အသင့် ရှိမည် ဖြစ်ပါသည်။ လက်ရှိ ဖြစ်နေသည့် စိန်ခေါ်မှုများကဲ့သို့ အင်တာနက် စီစစ်ဖြတ်တောက်မှုများ ရှိမနေခြင်း၊ AIကို နိုင်ငံအဝန်း အခြေခံ ကျောင်းအဆင့်များမှ အဆင့်မြင့် ပညာရေးတက္ကသိုလ်များတိုင် ထည့်သွင်းသင်ကြားခြင်း၊ ပြည်တွင်း အခြေခံကုန်ထုတ်လုပ်ငန်းများ ဖြစ်သော လယ်ယာစိုက်ပျိုးရေး နှင့် မွေးမြူရေးများတွင် အားပေးကူညီထောက်ပံ့ခြင်းများ လုပ်ဆောင်ရပါမည်။ အစိုးရ၊ လုပ်ငန်းကြီး နှင့် နည်းပညာ အဖွဲ့အစည်းကြီးများ အနေဖြင့်လည်း AIနှင့် ပတ်သက်သော လိုက်နာရမည့် ကျင့်ဝတ်ဆိုင်ရာ မူဘောင်များကို ဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်ကာ နိုင်ငံသားများ၏ ဒေတာ အချက်အလက်များကို လူအခွင့်အရေးကို ချိုးဖောက်သော မှားယွင်းသည့် ရည်ရွယ်ချက်များ၌ အသုံးမပြုနိုင်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သော လုပ်ဆောင်ချက်မျိုးများကို နိုင်ငံအဝန်း အတိုင်းအတာဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်သည်။
AIသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကျိုး နှင့် အပြစ် ပေးနိုင်သော သော့ချက်အနေဖြင့် လည်း လက်ရှိ အိမ်နီးနားချင်းနိုင်ငံများရှိ လုပ်ဆောင်နေသော AIအသုံးချ လုပ်ဆောင်မှုများနှင့် မြန်မာ့ AI အရွေ့ကို ယှဉ်ကြည့်ပါက မြန်မာသည် မည်မျှ လမ်းလွဲကာ ရွေ့လျားနေကြောင်း အထင်းသားတွေ့နိုင်ပါသည်။ AIကို ကိုယ်ထူကိုယ်ထ မြှင့်တင်အသုံးချမည် ဆိုပါကလည်း လုပ်ငန်းကြီးများမှလွဲ၍ စွန့်စားနိုင်စွမ်းသည် တခြားအခြေခံ များ၌ မီးမှ အစ အင်တာနက် အဆုံး လိုအပ်နေသည့် လုပ်ငန်းသေးများအဖို့ ကွာဟချက်များလှပါသည်။ အနာဂတ်မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုသည် နည်းပညာအပေါ် အလုံးစုံ မမီတည် နိုင်သေးသော်လည်း ဘယ်လိုဘယ်ပုံ အခြေခံနည်းစနစ် ကျကျ ခေတ်သစ်ဖြစ်ထွန်းနေသောAIကို ဒေသတိုးတက်ရေးများ၌ မည်သို့လိုက်ပါ အသုံးချမလဲဆိုတာ အရေးကြီးပါသည်။ အချုပ်အားဖြင့် AIကို လူတိုင်းအသုံးချနိုင်မှု အခွင့်အရေးသည် မြန်မာနိုင်ငံ နှင့် အခြားဖွံ့ဖြိုးဆဲနိုင်ငံများရှိ အခြေခံလူသားများမှ လူလတ်တန်းစားမရွေး၏ လက်ရှိ ပကတိ စွမ်းဆောင်မှုကို မြှင့်တင်စေနိုင်သော အထောက်အကူပြု ကိရိယာ တစ်ခု အဖြစ် ရေရှည်တိုးတက်မှုသို့ ချဉ်းကပ်နိုင်ရန် အထောက်အပံ့ တစ်ခုဖြစ်မည် ဖြစ်ပါသည်။
